Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့မှ ငါးဖမ်းဘုတ်ဖြင့် လိုက်ပါသွားသည့် အမျိုးသား ၂ ဦး မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်နေ

စစ်တွေမြို့မှ ငါးဖမ်းဘုတ်ဖြင့် လိုက်ပါသွားသည့် အမျိုးသား ၂ ဦး မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်နေ

ABN-နွယ်စိုး

သြဂုတ်-၁၃ ရက်

ရခိုင်ပြည် စစ်တွေမြို့မှ အမျိုးသားလူငယ် ၂ ဦးသည် ပင်လယ်ပြင်သို့ ငါးဖမ်းဘုတ်ဖြင့် အငှားလိုက်သွားသည်မှာ ၂ လကျော်ကြာပြီဖြစ်ပြီး မိသားစုနှင့် လုံးဝအဆက်မရ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ပင်လယ်ပြင်သို့ ငါးဖမ်းဘုတ်ဖြင့် အငှားလိုက်ပါသွားခဲ့သည့် စစ်တွေမြို့ ဓညဝတီ အကွက် (က)မှ အဖ ဦးအောင်ကျော်သာ၏ သား အသက် ၃၅ နှစ်အရွယ် ကိုစိုးစိုးနှင့် ဆတ်ရိုးကျကယ်ဆယ်ရေး အကွက် ၂ မှ အဖ ဦးကျော်ဝင်း၏သား အသက် ၂၄ နှစ်အရွယ် ကိုမောင်ထွန်းဝင်းတို့မှာ မိသားစုနှင့် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

၄င်းတို့အား ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့မှ ဘုတ်ပိုင်ရှင် ဦးမောင်မောင်ကြီးက ပင်လယ်ပြင်သိို့ ငါးဖမ်းထွက်မည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း ကိုမောင်ထွန်းဝင်း၏ ဇနီးက ABNသို့ ပြောသည်။

“ကျွန်မ ယောက်ကျားနှင့် အဆက်သွယ်မရတာ ၂ လရှိပြီ။ သူ့ဖုန်းကိုဆက်လည်း စက်ပိတ်ထားတယ်။ အဲတော့ စိတ်ပူလို့ ခေါ်သွားတဲ့ ဘုတ်ပိုင်ရှင်ကိုသွားမေးတယ်။ သူက ဘာမှ မပြောပဲ ရှောင်နေတယ်။ ပထမတော့ ဘုတ်ပိုင်ရှင်ကို ဖုန်းဆက်ရင် ပြန်ဖြေတယ်။ အခုဆို သူ ပျောက်နေတာလည်း ၂ လလောက်ရှိပြီး။ တကယ်စိတ်ပူတယ် ကျွန်မယောက်ကျား တစ်ခုခုဖြစ်မှာကို” ဟု ပြောသည်။

ယင်းအပြင် ၄င်းတို့ကို ခေါ်ဆောင်သွားခဲ့သည့် စစ်တွေမြို့မှ ဘုတ်ပိုင်ရှင် ဦးမောင်မောင်ကြီးတွင် ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ တာဝန်ရှိကြောင်း ကိုစိုးစိုး၏ မိခင်ဖြစ်သူက ABN သို့ပြောသည်။

“သူခေါ်သွားတာ သူ့မှာ တာဝန်အပြည့်ရှိတယ်။ ပထမတော့ သူ့ဖုန်းကို ဆက်မေးကြည့်တော့ သူကလည်း စုံးစမ်းရဦးမယ် ပြောတယ်။ အခု သူလည်းပျောက်တယ်။ ရှောင်နေတာပေါ့။ အန်တီတို့ မေးခွန်းမေးမှာကြောက်လို့။ အန်တီတို့ သားလေး သေသွားပြီးထင်လို့ အလှူတွေလုပ်ပြီး ဆွမ်းတွေဘာတွေ ကျွေးပြီးပြီ”ဟု ဆိုသည်။

မိသားစုများမှာ ပျောက်ဆုံးနေသူအား ရည်စူး၍ ဆွမ်းကျေးအလှူပြုလုပ်ပြီး အမျှအတန်း ပေးဝေပြီးပြီဖြစ်ကြောင်း မိသားစုများက ပြောသည်။

ဘုတ်ပိုင်ရှင် ဦးမောင်မောင်ကြီးဆိုသူမှာ ပျောက်ဆုံးနေသူ၏ မိသားစုနှင့် အတွေ့မခံ၊ အဆက်အသွယ်မလုပ်ဘဲ ရှောင်တိမ်းနေသည့်အပြင် ၎င်းမှာ နေရပ်လိပ်စာလည်း အတိအကျမရှိကြောင်း သိရသည်။

ဤအမှုကိစ္စအား ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့နှင့် ဥပဒေအထောက်အကူပြုအဖွဲ့များထံတွင် တိုင်ကြားထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ