Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ် သက္ကေပြင်ရွာမှ အဘွားအို ၁ ဦးအား ရိုက်နှက်၍ စစ်ကောင်စီရဲတပ်သားများက ဖမ်းဆီးသွား

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့နယ် သက္ကေပြင် ကျေးရွာမှ အဘွားအို ၁ ဦးအား ရိုက်နှက်၍ စစ်ကောင်စီရဲတပ်သား ၄ ဦးက ငွေ ၄ သိန်းတောင်းမရသဖြင့် မွန်းလွဲ ၁၁ နာရီကျော်တွင် ရိုက်နှက်ပြီးဖမ်းဆီးယူသွားကြောင်းသိရသည်။

စကစ ရဲတပ်သား ၄ ဦးက အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး မုန့်ခြောက်ဆိုင်ရောင်းနေသည့် အဘွားအိုထံမှ အရက်ပုလင်းများအတွက် ငွေ ၄သိန်းတောင်း မရ၍ ၎င်းကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ရွာသား ၁ ဦးက ABN သို့ပြောသည်။

အဘွားအိုမှာ ၎င်းနေအိမ်ရှိ မုန့်ခြောက်ဆိုင်ငယ်၌ မြန်မာဘီယာအရက် ၄ လုံး၊ Beer Chang ၁ လုံး၊ အမ်ဒမန်အရက် ၂ လုံးကို ရောင်းရန် တင်ထားကြောင်းသိရသည်။

“အခု ၁၁ နာရီလောက်ကပါ၊ စကစ ရဲတပ်သား ၄ ယောက်က အရပ်ဝတ်နဲ့ ရွာကိုဝင်လာတယ်၊ မုန့်ခြောက်ဆိုင်ရောင်းနေတဲ့ အဘွားအိုဆီကို သွားတယ်၊ အရက်ပုလင်း ၇ လုံးအတွက် ငွေ ၄ သိန်းတောင်းတယ်” ဟု ဆိုသည်။

လာရောက်ဖမ်းဆီးချိန်တွင် ရပ်ရွာတာဝန်ခံ ၁ ဦးနှင့် စစ်မှုထမ်းဟောင်း ၁ ဦးတို့ ပါဝင်ကြောင်းသိရသည်။

ဆိုင်မှာ ကုန်စုံဆိုင်အကြီးရောင်းနေခြင်းမဟုတ်သည့်အတွက် စကစ ရဲတပ်သားများကို ငွေ ၂ သိန်းကျပ် ပေးသော်လည်း ၎င်းတို့က ၄ သိန်းပေးရမည်ဖြစ်ကြောင်းပြောပြီး ရိုက်နှက်ကာ ဖမ်းဆီး၍ မြိန်စီရဲစခန်းသို့ ခေါ်သွားကြောင်း ဆက်၍ ပြောသည်။

“သူက ကုန်စုံဆိုင်ကြီးရောင်းနေတာမဟုတ်ပါ၊ ရဲတပ်သားတွေကို ပိုက်ဆံ ၂ သိန်းပေးပါတယ်၊ ၎င်းတို့ကမကျေနပ်ကြပါဘူး၊ ၄ သိန်းပေးရမယ်လို့ပြောတယ်၊ သူကလည်းငွေမရှိတော့ မတတ်နိုင်လို့ပြောတယ်၊ ရဲတပ်သားတွေက သူမကို ရိုက်နှက်ဖမ်းဆီးပြီး မြိန်စီရဲစခန်းသို့ ခေါ်သွားပါတယ်” ဟု ဆိုသည်။

ထိုရွာတွင် တခြား အရက်ရောင်းသည့်ဆိုင်များလည်းရှိသော်လည်း ငွေကောက်ခံခြင်းမရှိဘဲ အဘွာအိုဆိုင်ကိုသာ အတင်း ငွေကောက်ခံခြင်းဖြစ်ကြောင်း သက္ကေပြင်ရွာသားများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ