Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ် ငပွန်းကြီး မူဆလင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက် ဓားပြတိုက်၊ ရွာသားများကို ဖမ်းဆီးရိုက်နှက်ပြီး ငွေ ၁၀ သိန်းယူသွား၊ နောက်ထပ် သိန်း ၅၀ ပေးရန် ပြောခဲ့

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညက စစ်တွေမြို့နယ် ငပွန်းကြီး မူဆလင်ရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်လာပြီး သူတို့ခန့်ထားသည့် ကျေးရွာတာဝန်ခံနှင့် ယာယီမှူးများကို ဖမ်းဆီးပြီး ရိုက်နှက်ကာ ငွေ ၁၀ သိန်းကျပ် အတင်းအဓမ္မ ဓားပြတိုက်သွားကြောင်း ABN သတင်းဌာနက စုံစမ်းသိရှိရသည်။

ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်က စစ်ကောင်စီ ၂၇၀ တပ်ရင်းမှ အင်အား ၁၇ ဦးသည် စစ်တွေမြို့နယ် ငပွန်းကြီးမူဆလင်ရွာသို့ ဝင်ရောက်လာခဲ့ကြပြီး စစ်ကောင်စီမှ ခန့်အားထားသည့် ကျေးရွာတာဝန်ခံ ဦးစောမောင်နှင့် ယာယီမှူးတို့အား ဖမ်းဆီး၍ ရွာလယ်တွင် ကြိုးချည်ကာ ရိုက်နှက်ပြီး ငွေကျပ် ၁၀ သိန်း တောင်းယူသွား‌ကြောင်း သိရသည်။

“မနေ့ည ၈ နာရီခွဲလောက်မှာ ၂၇၀ တပ်ရင်းက ကောင်တွေ ရွာထဲဝင်လာကြတယ်။ သူတို့ (စစ်ကောင်စီ) ခန့်ထားတဲ့ ကျေးရွာတာဝန်ခံ ကိုစောမောင်နှင့် ယာယီမှူးကို ဖမ်းပြီး ရွာလယ်မှာ လက်ထိပ်တန်းလန်းနဲ့ ရိုက်တယ် ကန်တယ်။ ပြီးရင် ငွေ ၁၀ သိန်းအတင်းတောင်းပြီး ယူသွားတယ်။ ငွေ ၁၀ သိန်းမပေးရင် အသေသတ်မယ်ပြောလို့ ပေးလိုက်ရပါတယ်၊ မနက်မိုးလင်းရင်လည်း သိန်း ၅၀ လာပေးဖို့ ပြောသွားပါသေးတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်း ၂၇၀ တပ်ရင်းမှ စစ်သားများမှာ ယမန်နေ့ည ၁၀ နာရီခန့်တွင် ကျေးရွာမှ ငွေ ၁၀ သိန်း ဓားပြတိုက်ယူပြီး ထွက်သွားကြကြောင်းနှင့် ယခင်ကလည်း စစ်ကောင်စီတပ်သားများသည် မကြာမကြာ ရွာထဲ ဝင်ရောက်လာပြီး အကြမ်းဖက် လုယက် ဓားပြတိုက်မှုများကို လုပ်တတ်ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်တွေမြို့နယ်ရှိ ပလ္လင်ပြင်ရွာကိုလည်း မကြာခဏ ဝင်ရောက်ပြီး ရွာသားများအား ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ဓာတ်ပုံ-စစ်တွေမြို့နယ် မူဆလင်ရွာမှ ရွာသားများ အစည်းအဝေးတက်ရောက်နေကြခြင်းဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ