Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်တွင် ကိုယ်ဝန် ၄ လရှိမိခင် အသတ်ခံရ၍သေဆုံးပြီး အသက် ၄နှစ်အရွယ် သမီးဖြစ်သူ ပျောက်ဆုံးနေ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၈ရက်

ရခိုင်ပြည် စစ်တွေမြို့နယ် အောင်တိုင်ရွာတွင် ယနေ့ နံနက် ၅နာရီကျော်အချိန်က ကိုယ်ဝန် ၄လလွယ်ထားရသော မိခင်အသတ်ခံ၍ သေဆုံးပြီး အသက် ၄နှစ်အရွယ် သမီးဖြစ်သူလည်း ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ ရှာဖွေမတွေ့သေးကြောင်း သိရသည်။

ကိုယ်ဝန် ၄လရှိသော အမျိုးသမီးမှာ စစ်တွေမြို့နယ်အောင်တိုင်ရွာမှ အဖ ဦးထွန်းလှိုင်၏သမီး အသက် ၂၈နှစ်အရွယ် မခင်သန်းဦးဖြစ်ကြောင်းသိရှိရသည်။

အသက်၄နှစ်အရွယ်ရှိသော ကလေးငယ်သည် အသတ်ခံရသူ မခင်သန်းဦး၏ သမီးဖြစ်သူ မနွယ်နီလင်းဖြစ်ကြောင်းသိရှိရသည်။

ထိုသားမိ ၂ဦးသည် ယနေ့ နံနက် ၄နာရီကျော်အချိန်က လင်ယောက်ကျားဖြစ်သူ ပိုက်ချရာမှပြန်ရောက်၍ ဂဏန်းမြုံးထောင်ရန်ချောင်းထဲသို့ပြန်ဆင်းသွားပြီး ယောက်ကျားဖြစ်သူပြန်လာချိန်တွင် သားမိ၂ဦးမှာ ပျောက်ဆုံးနေသည်ဟု အောင်တိုင်ရွာမှ ရွာခံသားတစ်ဦးကပြောသည်။

“ဒီနေ့ မနက်စောစောက ပျောက်သွားတာပါ၊ အမိနဲ့သမီး ၂ယောက်လုံးပျောက်သွားပါတယ်၊ သူ့ယောက်ျား ပိုက်ချရာကရောက်ပြီး၊ ငါးတွေကိုဇနီးသယ်နဲ့ထားခဲ့ပါသေးတယ်၊ ပြီးတော့ ဂဏန်းမြုံးချဖို့သွားပါတယ်၊ ယောကျ်ားဖြစ်သူက ၆နာရီလောက်ပြန်ရောက်ပါတယ်၊ အဲဒီအချိန်မှာ သားမိနှစ်ယောက်လုံးက မရှိတော့ပါဘူး” ဟုဆိုသည်။

လင်ဖြစ်သူ ကိုဇော်သက်ချေသည် ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလိုက်ရှာသော်လည်း မတွေ့သောကြောင့် နံနက် ၁၀ နာရီကျော်အချိန်က ရွာသားများကိုအသိပေး၍ ဆက်လက်ရှာဖွေခဲ့သည်ဟုသိရသည်။

ရွာသားများမှ ဝိုင်းဝန်းရှာကြစဥ် အသတ်ခံရ၍ သေဆုံးနေသော မခင်သန်းဦး၏ အလောင်းကို နေ့လည်ပိုင်း ၂နာရီကျော်အချိန်က ရေထဲတွင် ယောင်္ကျားဝတ် ဘောင်ဘီဝတ်ထား​ကာ မျက်နှာတွင်လည်း ဒဏ်ရာများပါရှိသည်ကိုတွေ့ပြီး သမီးဖြစ်သူကို လက်ရှိအချိန် ရှာမတွေ့သေးဟု သိရသည်။

သူမအလောင်းတွင် ဝတ်ထားသော ဘောင်းဘီသည် အရပ်သားဝတ်သည့် ဘောင်ဘီမျိုးမဟုတ်ဘဲ စစ်သား၊ ရဲသားများဝတ်သည့် ဘောင်းဘီမျိုးသာဖြစ်ကြောင်းရွာသားတစ်ဦးကပြောသည်။

“အလောင်းကို ၂နာရီလောက်မှာတွေ့ပါတယ်၊ သမီးကိုမတွေ့သေးပါဘူး၊ သူ့အလောင်းမှာ ယောက်ျား ဝတ်ဘောင်ဘီတစ်လုံးဝတ်ထားတာတွေ့ပါတယ်၊ အဲဒီဘောင်ဘီမျိုးကို အဲနားက တပ်သားတွေဘဲဝတ်ပါတယ်၊ တခြားလူမဝတ်ပါဘူး” ဟုဆိုသည်။

လက်ရှိတွင် သူမ၏ ရုပ်လောင်းကိုခွဲစိပ်ရန် စစ်တွေ ရင်ခွဲရုံသို့ယူဆောင်သွားကြောင်းသိရှိရသည်။

မုဒိမ်းကျင့်ခံထားရမှု ရှိ မရှိကိုမူ ဆေးစစ်ချက်အဖြေရမှ သိရမည်ဖြစ်ကြောင်း ရွာသားများက ပြောသည်။

သူမမိသားစုသည် အောင်တိုင်ရွာချောင်းတဖက်တွင် ငါးရှာ၊ ဂဏန်းမြုံးထောင်၍ ယောက္ခမ မိသားစုနဲ့အတူနေထိုင်ကြောင်းသိရှိရသည်။

သူမနေသည့်အိမ်နဲ့ ယောက္ခမတို့နေသည့်အိမ်သည် ရှေ့ဆင့် နောက်ဆင့်ဖြစ်ပြီး ဘေးနားတွင် အင်အား ၂၀ခန့်နဲ့ ရဲကင်းတစ်ခုနေထိုင်သည်ဟုသိရသည်။

အောင်တိုင်ချောင်းတဖက် ရဲကင်းတွင် စစ်သား၊ ရဲသားများ အတူနေထိုင်ကြပြီး အင်အား ၂၀ခန့်ရှိသည်ဟုသိရှိရသည်။

အဆိုပါ သားမိ၂ဦးကိုရှာဖွေနေချိန်အတွင်းလည်း ကင်းစခန်းမှ လက်နက်ငယ် ၁၀ ချက်ကျော်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပြီခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကင်းစခန်းရှိစစ်သားများမှ အောင်တိုင်ရွာသား၂ယောက်ကို ရိုက်သတ်၍ ခေါင်းကွဲခဲ့ကြသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ