AB-News-စက်တာဘာ ၁၅ ရက်
ရခိုင်ပြည် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ပြည်နယ် ကြေးနန်းရုံးအနီးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦး ယနေ့ နေ့လည် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်/ပါတီ ALP မှ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ပြည်ဟိန်း ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၎င်း၏ ဦးခေါင်းကို ကျည်ဖောက်ဝင် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် သေဆုံးသူအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေ ပြည်သူ့ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
ဒေသခံ ရပ်ကွက်သားများ ပြောဆိုချက်အရ စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်တွေမြို့ထဲတွင် စစ်ကောင်စီတပ်က လုံခြုံရေး တင်းကြပ်စွာ ချထားကြောင်း သိရသည်။
![စစ်တွေမြို့ထဲတွင် ALP မှ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/09/image-36.png?resize=650%2C490&ssl=1)