ရခိုင်ပြည်၊ စစ်တွေမြို့ ဝေသာလီဘောလုံးကွင်း အနီးတွင် ဓားဒဏ်ရာဖြင့်သေဆုံးနေသော အမျိုးသားရုပ်အလောင်း တစ်လောင်းအား ယနေ့နိုဝင်ဘာလ ၁၉ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ စစ်တွေမြို့မင်းဂံရပ်မှ ဦးကျော်စိန်ဝင်း ၄၀ နှစ်ဖြစ်သည်။
“ကျတော်တို့ကို ၉နာရီဝန်းကျင်လောက်က ဖုန်းဆက်လာတယ်၊ ဝေသာလီကွင်းမှာ လူသေအလောင်းတွေ့တယ်လို့ပြောတယ်၊ ရင်ဘက်နှင့် လည်ပင်းမှာ ဓားဒဏ်ရာတွေ့တယ်၊ပြီးတော့ သူ့ဝမ်းဗိုက်မှာလည်းရှိတယ်လို့ပြောတယ်၊ ကျွန်တော်တို့ကတော့ လှန်မကြည့်လိုက်တော့ဘူး”ဟု ရွှေရောင်မေတ္တာမောင်ဒေးရှင်မှ ပြန်ကြားရေးတာဝန်ခံက ABN သို့ပြောသည်။
လက်ရှိတွင် ဦးကျော်စီန်ဝင်၏ ရုပ်အလောင်းအား စစ်တွေဆေးရုံကြီး ရင်ခွဲရုံသို့ပို့ကာ စစ်ဆေးလျက်ရှိပြီး ရုပ်အလောင်းအား သင်္ဂြိုဟ်မည့်အချိန်ကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း စစ်တွေမြိုနယ် သင်္ဂနက်ရွာမှ ၄၅ နှစ်အရွယ် ကမန်အမျိုးသမီးတစ်ဦးအား ပျားလည်ချောင်းရွာအနောက်ဘက် အုတ်ဖိုနားတွင်တွေ့ရှိခဲ့သေးသည်။