Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင်းရှိ ပြည်သူများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီ ပိတ်လှောင်ထား

စစ်တွေမြို့တွင်းရှိ ပြည်သူများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီ ပိတ်လှောင်ထား

AB News – ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့အတွင်းရှိ အရပ်သားပြည်သူများကို စစ်ကောင်စီအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ လှောင်ပိတ် ထားပြီး လူသားဒိုင်းကာအဖြစ် ပြုလုပ်ရန် စီစဥ◌်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် စစ်တွေမြို့မှ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်မြို့များသို့ ထွက်နိုင်သည့် ကုန်းလမ်း ရေလမ်းများအားလုံးကို လက်နက်ကိုင် အစောင့် ဂိတ်များချကာ ပိတ်ဆို့ထားသည်။

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ရက္ခိုင်ပြည်၏ မြို့တော်စစ်တွေကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေပြီး စစ်ကောင်စီတပ် မိသားစုဝင်များကိုလည်း ယနေ့ ညနေ ၄ နာရီခန့်က စစ်သင်္ဘောများဖြင့် ရန်ကုန်သို့ နေရာ ရွှေ့ပြောင်းနေကြောင်း ခိုင်လုံမျက်မြင်သက်သေများအရ သိရသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် စတင်ကာ စစ်တွေမြို့အနီးရှိ ရွှေမင်းဂံ၊ သုံးဆောင်၊ ကျေးတော၊ မင်းလှ၊ ဝါဘိုစသည့်ရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်၊ ကွန်းတောင်၊ အိုင်ဒင်၊ တံပက်လှန်း၊ ပဒေသာရွာစသည့် စစ်တွေမြို့ ပတ်လည်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များကို တပ်ဖြန့်ချထားပြီး ခံတပ်အဖြစ် အခိုင်အမာ တည်ဆောက်ထားကြောင်း ထိုရွာများမှာ ထွက်ပြေးလာကြရသည့် စစ်ဘေးရှောင်များက AB News သို့ပြောသည်။

ထိုကျေးရွာများတွင် စစ်ကောင်စီက ခံတပ်အဖြစ် တည်ဆောက်ရန် ရွာထဲရှိ ပြည်သူများအား ဖမ်းဆီးခြင်း၊ ရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ကာ ရွာသားများအားလုံးကို နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ ရက္ခိုင်တပ်တော်က ရက္ခိုင်ပြည်နှင့် ပလက်ဝဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂လ အတွင်း ရက္ခိုင်မှ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ တောင်ပြိုမြို့နှင့် ပလက်ဝဒေသမှ ပလက်ဝမြို့နှင့် ဆမီးမြို့တို့ကို ရက္ခိင်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်က ၂လ အတွင်း မြို့ ၈မြို့ကို သိမ်းပိုက်ပြီးနောက် ရက္ခိုင်ပြည်၏ မြို့တော်စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာမည်ကို စိုးရိမ်း၍ ၎င်းတို့၏ တပ်စခန်းများကို ယခင်ထက်ပိုမို ခိုင်ခန့်အောင် တည်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့မှ အရပ်သားပြည်သူများကို အခြားမြို့များသို့ ထွက်သွားခွင့်မပြုဘဲ တိုက်ပွဲဖြစ်လာပါက ပြည်သူများကို လူသားဒိုင်းကာသဖွယ် ပြုလုပ်နိုင်ရန် ပိတ်လှောင်ထားခြင်း ဖြစ်သည်ဟု စစ်တွေမြို့ခံအမျိုးသမီး ၁ဦးက ပြောသည်။

“ သူတို့(စစ်ကောင်စီ) က ကျမတို့ကို မြို့ပြင်ကို ထွက်ခွင့်မပေးဘူး။ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားတယ်။ အခြားမြို့တွေကို ထွက်လို့ မရဘူး။ အခု ကျမတို့ဟာ ဒီမြို့မှာဘဲ ပိတ်လှောင်ခံထားရတယ်၊ အင်တာနက်လည်း မရဘူး၊ ကုန်ဈေးနှုန်းကလည်း အရမ်းမြင့်နေတာပါ။ ကုန်ပစ္စည်းတွေလည်း မရှိသ‌လောက်ကို ပြတ်လပ်နေပါပြီ ” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့ကြားရှိ ကျေးရွာမှ ရွာသားများကို ထွက်ခွာရန် ခြိမ်းခြောက်ခဲ့ပြီး စစ်တွေမြို့ထဲရှိ ပြည်သူများကို ပိတ်လှောင်ထားခြင်းမှာ လူသားဒိုင်ကာအဖြစ် ထိန်းသိမ်းထားခြင်းသာ ဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့ခံ ၁ဦးက မှတ်ချက်ပေးပြောသည်။

“စစ်ကောင်စီဟာ အဲ့ဒီမြို့ ၂မြို့ကြား ရွာသားတွေကို မောင်းထုတ်ခဲ့ပြီး၊ စစ်တွေမြို့က မြို့ခံသားတွေကို ပိတ်လှောင်ထားတာဟာ သူတို့ လိုအပ်ရင် လိုအပ်သလို လူသားဒိုင်းကားအဖြစ် ပြုလုပ်နိုင်ဖို့ ထာတာ ဖြစ်တယ်” ဟု ဆိုသည်။

ရက္ခိုင်ပြည်အတွင်းရှိ မြို့ ၆မြို့ကို ရက္ခိုင့်တပ်တော်က အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အခြားမြို့များရှိ စစ်ကောင်စီတပ်စခန်း၊ ဗျူဟာများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် အချိန်တွင် မြို့တော်စစ်တွေကို နောက်ဆုံးခံတပ်အဖြစ် မဆုတ်တမ်း ခံတပ်အဖြစ် ပြင်ဆင်နေသည့်အထိပင် အခြေအနေဆိုးဝါးလျက်ရှိသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်အပါအဝင် နိုင်ငံအနှံ့တွင် စစ်ရှုံးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဥ်ရက်ဆက် သေဆုံးမှု များနေသည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်းကို စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြဌာန်းထားပြီး လူငယ်များကို ဖမ်းဆီးမှု စတင်နေသည်ကိုလည်း တွေ့ရသည်။

ရန်ကုန်-စစ်တွေ၊ စစ်တွေ-ရန်ကုန် လေယာဥ် ပြေးဆွဲမှုများ ရှိနေဆဲဖြစ်သော်လည်း လေယာဥ်လက်မှတ်များမှာ ၂ သိန်းကျော်ထိ ဈေးနှုန်း မြင့်တက်နေသည့်အပြင် ကြိုတင်လက်မှတ် ရရှိရန်ပင် မလွယ်ကူတော့ကြောင်း သိရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ