Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ALP က သုံးဘီးဆိုင်ကယ်မောင်သူ တစ်ဦးကို ဖမ်းဆီးထား၊ မိသားစုနှင့်တွေ့ခွင့်မပေး

စစ်တွေမြို့ နာဇီရွာ၊ စက်ရုံစု၊ မီးလောင်ကွင်းရပ်ကွက် အေးသာယာလမ်းတွင် ရုံးစိုက်ထားသည့် ALP အဖွဲ့မှ မြို့တွင်း သုံးဘီးဆိုင်ကယ်မောင်သူ တစ်ဦးကို အောက်တိုဘာ ၂၅ ရက်နေ့ ညနေက ဖမ်းဆီးထားကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရသိရသည်။

ဖမ်းဆီးခံရသူမှာ စစ်တွေမြို့ ရွာသာယာရပ်ကွက်နေ ဦးမောင်လှဝင်း အသက် ၄၄ နှစ်ဖြစ်ပြီး ၎င်းမှာ သုံးဘီးဆိုင်ကယ်မောင်းပြီး သက်မွေးဝမ်းကြောင်းပြုနေသူဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးမောင်လှဝင်းသည် အဝေးပြီးကားဂိတ်မှ သုံးဘီးမောင်းပြီး အိမ်အပြန်လမ်းတွင် ALP အဖွဲ့မှ အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်တွေ နာဇီရွာရပ်ကွက်ရှိ ALP ရုံးတွင် ဖမ်းဆီးထားသည်ကို ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီကျော်လောက်မှာ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူ ဦးမိုးဝင်းက ABN ကိုပြောသည်။

“ကျနော်တို့ မနေ့က ညနေက အဖေအိမ်ပြန်မရောက်လို့ ည ၈ နာရီလောက်မှာ စစ်တွေ တမြို့လုံးကို ပတ်ပြီး လိုက်ရှာကြတယ်။ ALP ရုံးနားကိုလည်း ရောက်ခဲ့သေးတယ် ဝင်မကြည့်ခဲ့လို့ မတွေ့ခဲ့ရဘူး။ ဒီနေ့မနက်မှာ သွားကြည့်မှ ရုံးထဲမှာ ဖမ်းထားတာကိုတွေ့ရတာပါ” ဟုပြောသည်။

ဦးမောင်လှဝင်းမှာ ALP အဖွဲ့နှင့် စကားများ ရန်ဖြစ်ခြင်း၊ ပြဿနာတစ်စုံတရာ ဖြစ်ခြင်း မရှိကြောင်းနှင့် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးထားသည်ကို မူ မသိရသေးကြောင်း သားဖြစ်သူက ပြောသည်။

“ကျနော့်အဖေက ALP နဲ့ စကားများတာ ရန်ဖြစ်တာလည်း မရှိဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုလည်း မပြောဘူး။ ကျနော်က အဖေနဲ့တွေ့ဖို့ပြောတာ ကျနော့်ကို မောင်းထုတ်လိုက်တယ်” ဟုဆက်ပြောသည်။

ယနေ့ နေ့လည် ၂ နာရီတွင် ALP က ဖမ်းဆီခံထားရသူ ဦးမောင်လှဝင်းကို တွေ့ဖို့ မိသားစုဝင် လူ ၂ ယောက်လာဖို့ ခေါ်ထားကြောင်း သိရသည်။

ALP အဖွဲ့သည် စစ်တွေမြို့ထဲတွင် စစ်ကောင်စီအဖွဲ့နဲ့ပေါင်းပြီး အရပ်သားများအား ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း၊ ဆိုင်ကယ်များကို စစ်ဆေးခြင်းများပြုလုပ်လျက်ရှိနေသည်။

ဓာတ်ပုံ-စစ်တွေမြို့ရှိ ALP ရုံးခန်း

စစ်တွေတွင် ALP က သုံးဘီးဆိုင်ကယ်မောင်သူ တစ်ဦးကို ဖမ်းဆီးထား၊ မိသားစုနှင့်တွေ့ခွင့်မပေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ