Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အဝေးသင်ကျောင်းသား ၁၁ ဦးကို အမည်မသိ လက်နက်ကိုင် အုပ်စုတစ်ခုက ဓားဖြင့်ဝိုင်းခုတ်မှုဖြစ်၊ ကျောင်းသား ၄ ဦး ဒဏ်ရာရ

AB News-ရှိုင်းမိုး
သြဂုတ် ၂၅ ရက်

စစ်တွေတွင် သြဂုတ်လ ၂၃ရက်နေ့ ည ၁၀ နာရီ ၄၀ ခန့်က က အဝေးသင်ကျောင်းသား ၁၁ဦး အနောက်စံပြရပ်ကွက် B.O.S  Bar တွင် မွေးနေ့ပါတီလုပ်ပြီး ထွက်လာချိန်လမ်းတွင် အမည်မသိ လက်နက်ကိုင် လူအုပ်စုတစ်ခုက  ဓားဖြင့်ဝိုင်းခုတ်၍ ကျောင်းသား ၄ဦးမှာ ဒဏ်ရာရရှိသွားသည်ဟုသိရှိရသည်။

အုပ်စုဖွဲ့ ဝိုင်း၍ ဓားခုတ်ခံရသူများမှာ စစ်တွေ တက္ကသိုလ်တွင် ကျောင်းတက်နေကြသည့် ပထမနှစ်၊ ဒုတိယနှစ် အဝေးသင်ကျောင်းသားများဖြစ်ပြီး ၎င်းတို့အထဲမှ ဒဏ်ရာရရှိသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာမှ ၃ဦးနှင့် ရေပေါက်ချောင်းရွာမှ ၁ဦးတို့ဖြစ်ကြောင်းသိရှိရသည်။

ကျောင်းသား ၄ဦးမှာ ကိုမောင်စိုးလွှင်၊ ကိုကျော်နိုင်ဝင်း၊ ကိုကျော်ငြိမ်းစိုးနှင့် ကိုစိုးမင်းသူတို့ဖြစ်ကြောင်း သိရှိရသည်။

လုပ်ကြံသူများမှာ အသက် ၃၀ ကျော်ဖြစ်သည့်အပြင် ထိုကျောင်းသားများနဲ့ တခါမှမသိခဲ့သော သူများဖြစ်ပြီး မည်သည့်အကြောင်းကြောင့် အုပ်စုဖွဲ့ဓားဖြင့်ခုတ်သည်ကို မသိဟု ကိုကျော်နိုင်ဝင်းက ABN သို့ ပြောသည်။

“ကျနော်တို့က ဘာမှမသိပါဘူး၊ ရိုက်တဲ့သူတွေကလည်း အသက် ၃၀ အရွယ်ပါ၊ တခါမှလည်းမမြင်ဖူးပါ၊ အဲဒီအနားကလူတွေခန့်မှန်းတာကတော့ ALPကသူတွေဆိုပြီးပြောကြတယ်၊ ကျွန်နော်တို့လဲမသိပါဘူး၊ ဘာကြောင့်ရိုက်သတ်ခဲ့တာလဲမသိဘူး၊ ကျနော်တို့ကမူးပြီးသွားနေတာလဲမဟုတ်ဘူး၊ ဒီတိုင်း ဘားကထွက်လာကြတာ၊ သူတို့ကရိုက်သတ်ပြီးရင်ကားနဲ့ထွက်သွားကြပါတယ်” ဟုဆိုသည်။

ဒဏ်ရာရရှိသူ ၄ဦးထဲမှ ကိုစိုးမင်းသူမှာ ဘယ်ဘက်လက်မပြတ်သွားပြီး ဦးခေါင်းတွင်လည်း ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

နောက်ကျောင်းသား ၃ဦးထဲမှ ကိုကျော်နိုင်ဝင်းမှာ ခါး၊ ကျောကုန်းနှင့် ဦးခေါင်းတို့တွင်ရရှိခဲ့ပြီး၊ နောက်ထပ် ၂ဦးမှာလည်း လက်နှင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ထိုကျောင်းသား ၁၁ဦးကို လုပ်ကြံသူများသည် အသက် ၃၀ ကျော်အရွယ်များဖြစ်ပြီး ALPအဖွဲ့စည်းမှဖြစ်မည်ဟု ကျောင်းသားများက ယူဆကြသည်။

လုပ်ကြံသူများသည် ကားဖြင့် လာကြပြီး ထိုကျောင်းသားများအနီးအရောက်တွင် ကားကိုရပ်ကာ ကားပေါ်မှ ဓားရှည်များကိုထုတ်၍ ကျောင်းသားများအား အုပ်စုလိုက် ဓားဖြင့်ခုတ်ခဲ့ကြပြီး ထိုကားဖြင့် ပြန်လည် ထွက်ပြေးသွားသည်ဟုသိရသည်။

စစ်တွေတွင် ALPတပ်ဖွဲ့ဝင်များသည်ပြည်သူကြားထဲတွင် ဝင်ရောက်လှုပ်ရှားနေပြီး၊ စစ်တွေမြို့ခံသားများကိုလည်း မကြာခဏဖမ်းဆီးမှုပြုလုပ်ကြောင်း စစ်တွေဒေသခံတစ်ဦးမှပြောသည်။

” ကျမကတော့ သူတို့အဖွဲ့တွေလက်ချက်ထင်တယ်၊ သူတို့က အာဏာပြတယ်၊ ဒေသခံတွေကိုလည်းလိုက်ဖမ်းတယ်၊ ပြီးတော့ မဖမ်းပါဘူး၊ မလုပ်ပါဘူးဆိုပြီး ငြင်းတယ်၊ ဘာမှအပြစ်မရှိတဲ့သူတွေကိုလည်းဖမ်းတယ်၊ ဘာလုပ်ကြတာလဲမသိဘူး” ဟုဆိုသည်။

လက်ရှိတွင် ကိုစိုးမင်းသူသည် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်းသိရှိရသည်။

ABNews#စစ်တွေ#အုပ်စုဖွဲ့ဓားခုတ်မှု

Telegram နှင့် Website တွင်လည်း သတင်းများကို ဖတ်ရှုနိုင်ပါသည်။
Telegram
https://t.me/arakanbaynews
Website
www.arakanbaynews.com

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ