Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အမှိုက်ကောက်နေသည့် ကလေးငယ် တစ်ဦးကို ငွေတောင်းမရ၍ အမျိုးသား ၃ဦးကဝိုင်းရိုက်မှုဖြစ်

စစ်တွေတွင် အမှိုက်ကောက်နေသည့် ကလေးငယ် တစ်ဦးကို ငွေတောင်းမရ၍ အမျိုးသား ၃ဦးကဝိုင်းရိုက်မှုဖြစ်

ABN- ရှိုင်းမိုး

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ပွိုင့်ကမ်းခြေအနီး၌ အမှိုက်ကောက်နေသည့် ကလေးငယ်တစ်ဦးကို အမျိုးသား ၃ဦးမှ ဝိုင်းရိုက်နှက်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရိုက်နှက်ခံခဲ့ရသည့် ကလေးငယ်မှာ စစ်တွေမြို့ အနောက်စံပြ ဘာဆန်ကျေးရွာမှ အသက် (၁၁) နှစ်အရွယ် အာကျယ်အာမာ့ဖြစ်ပြီး ထိုကလေးငယ်ကို မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကားဖြင့် ဆေးရုံးသို့ပိုဆောင်ခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မှပြောသည်။

“ကျွန်တော်တို့ကို ဖုန်းဆက်ပြီးခေါ်လို့သွားခဲ့ကြပါတယ်၊ ကျွန်တော်တို့ရောက်သွားခဲ့တဲ့ အချိန်မှာ ကလေးငယ်ရဲ့ ဦးခေါင်းနှင့် မျက်နှာပွန်းပဲ့နေပြီး လက်မှာလည်းထိခိုက် ဒဏ်ရာတွေ့ပါတယ်” ဟု ဆိုသည်။

ထိုကလေးငယ်သည် ပလစတစ်ဘူးများ၊ သံဘူးခွံများနှင့် ပုလင်းခွံများ ကောက်ပြီးရောင်းနေသည့် ကလေးတစ်ဦးဖြစ်ပြီး၊ ၎င်းအားဝိုင်းရိုက်ခဲ့သည့် သူများမှာ အသက် ၃၀ ကျော်အရွယ်ရှိကြပြီး ငွေတောင်းမရသဖြင့် ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင် ဒေသခံတစ်ဦးကပြောသည်။

“အဲဒီကောင် ၃ ကောင်က အဲကလေးဆီက ပိုက်ဆံတောင်းတယ်။ ကလေးက မပေးတာနဲ့ ဝိုင်းရိုက်ကြတာ။ ရိုက်တဲ့ကောင်တွေက အသက် ၃၀ ကျော်လောက်ရှိမယ်” ဟုဆိုသည်။

ထိုသို့ အုပ်စုဖွဲဝိုင်းဝန်းရိုက်နှက်မှုကြောင့် အဆိုပါ ကလေးငယ်မှာ လက်ရှိတွင်စစ်တွေဆေးရုံကြီး အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံနေရကြောင်း သိရသည်။

စစ်တွေမြိုတွင် နေ့စဉ်နီးပါး ခိုးဆိုးလုယက်မှု မှုခင်းများ ဖြစ်ပျက်နေသည့်အတွက်ကြောင့် စစ်တွေမြို့သည် လုံခြုံမှု ကင်းမဲ့နေသည့် မြို့ပျက်တစ်ခုဖြစ်ကြောင်းနှင့် နေထိုင်ရသည်မှာ လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်လိုအခြေနေလဲမသိတော့ပါဘူး၊ တစ်နေ့တစ်မျိုးဖြစ်နေပါတယ်၊ အရင်တုန်းကဆိုရင်လည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီလောက်မဖြစ်ပါဘူး၊ အခုက ပိုဆိုးလာပါတယ်၊ အခုအနေကို ဘယ်အဖွဲ့စည်းမှလည်း လက်ခံပြီးဖြေရှင်းပေးတာမတွေ့ရပါဘူး၊ စစ်တွေမှာ နေရတာ လုံခြုံမှု မရှိဘူး” ဟု စစ်တွေမှ ဆိုသည်။

ထိုသို့ ခိုးဆိုးလုယက်မှုများဖြစ်ပေါ်လာသည့်တွက် အမျိုးသမီးများမှာ တနေ့ထက် တနေ့ အန္တရာယ်ပိုများလာကြောင်းနှင့် လုံခြုံမှုကင်းမဲ့နေကြောင်း စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုအခြေနေက အပြင်ကိုသွားရင်တောင် ဖုန်းတွေကို ယူရမာကြောက်နေရတယ်၊ ဖုန်း‌တွေလည်း အလုခံရပါတယ်၊ အခုလိုအခြေနေမှာ သမီးမိန်းကလေးတွေအပြင်သွားရင် ဘယ်လိုစိတ်အေးရပါ့မလဲ၊ လူနည်းနည်းလောက်ရှင်းတဲ့ နေရာတွေဆိုရင် ဖြတ်တောင်မသွားရဲတော့ဘူး” ဟု ပြောသည်။

စစ်တွေမြို့တွင် ဆိုင်ကယ်များကို ညဖက်တွင် အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး ခိုးယူမှုများ နေ့စဥ်နီးပါးရှိနေသည့်အပြင် နေ့ခင်းဖက်တွင်လည်း အုပ်စုဖွဲ့ လုပ်ယက်မှုများပါ ရှိလာနေသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညနေ ၃နာရီခန့်တွင်လည်း ကုန်တန်းရပ်ကွက် ချောင်းကမ်းနံဘေးတွင် အသက် ၃၅နှစ်အရွယ် ဦးမောင်မြင့်သန်းသည် သူ၏ ဘုတ်အနီးတွင် အိပ်ပျော်နေစဥ် အမည်မသိလူ ၁ ဦးမှ ၎င်းတွင်ပါလာသည့် စခရူးဒရိုင်ဘာဖြင့် ထိုးသတ်ရန်ကြိုးစားခဲ့သည်။

စစ်တွေမြို့သည် ရခိုင်ပြည်၏ အဓိက မြို့တော် တစ်ခုဖြစ်ပြီး စစ်ကောင်စီအစိုးရ၏ ရုံးစိုက်ရာမြို့တော်တစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ-ရိုက်နှက်ခံရသည့်ကလေးအား စစ်တွေဆေးရုံတွင်တွေ့ရစဥ်/ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ