Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အမည်မသိအဖွဲ့တစ်ခုမှ လူ ၂ ဦးကိုဖမ်းခေါ်သွားသည်မှာ ၉ ရက်ခန့်ကြာသော်လည်း မိသားစုနှင့်အဆက်အသွယ်မရ ဖြစ်နေ

စစ်တွေတွင် အမည်မသိအဖွဲ့တစ်ခုမှ လူ ၂ ဦးကိုဖမ်းခေါ်သွားသည်မှာ ၉ ရက်ခန့်ကြာသော်လည်း မိသားစုနှင့်အဆက်အသွယ်မရ ဖြစ်နေ

ABN-ဟိန်းထွန်း

ဇူလိုင် ၂၃ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ( ၃) ရှိ ဆီတန်းမှအမျိုးသား ၂ ဦးကို အမည်မသိအဖွဲ့တစ်ခုက အိမ်သို့လာရောက်ဖမ်းဆီးခေါ်သွားသည်မှာ ၉ ရက်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း အဆက်အသွယ်မရသေး၍ မိသားစုများ စိုးရိမ်နေကြောင်း ပြောသည်။

မိသားစုများမှာ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် သတင်းမီဒီယာတွင်ပင် မဖော်ပြဝံ့အောင် ဖြစ်နေသည်ကို တွေ့ရသည်။

ဖမ်းဆီးခံရသူအမျိုးသား ၂ ဦးမှာ စစ်တွေမြို့ ဆီတန်းတွင်နေထိုင်ကာ အရက်ဖြူဆိုင်ငယ် ရောင်းချပြီး သက်မွေးဝမ်းကျောင်းနေကြသူများဖြစ်သည်။

ပြီးခဲ့သည့်အပတ် စနေနေ့က အရပ်ဝတ် ဝတ်ထားသည့် လူ ၆ ဦးအဖွဲ့သည် ဒုတ်ဓား၊ ကိုင်ဆောင်ကာ ဆီတန်းသို့လာရောက်ပြီး အိပ်နေသည့်အမျိုးသားကိုနိုးကာ မေးမြန်းစရာရှိသည်ဟုဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူတစ်ဦးက ABN သို့ပြောသည်။

“အရပ်ဝတ်နဲ့အတူ ဒုတ်၊ ဓားတွေကိုင်ဆောင်ထားတဲ့ လူ ၆ ယောက်လာပြီးဆီတန်းထဲက အိမ်ကိုဝင်သွားပါတယ်၊ အရက်လည်းသောက်ထားပုံပေါ်ပါတယ်၊ အိပ်နေတာကိုနိုးပါတယ်၊ မင်းကိုမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်သွားတာတွေ့လိုက်ပါတယ် “ဟု ဆိုသည်။

အလားတူ အခြားအမျိုးသားတစ်ဦးကိုလည်း ၎င်း၏အိမ်မှ မေးမြန်းစရာရှိသည်ဟုဆိုပြီးဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းခေါ်ယူခံရသူများ၏ လက်ထဲတွင် ဖုန်းပါသွားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အပြင် မညိသည့်အဖွဲ့အစည်းက ခေါ်သွားသည်ကို မသိရသည့်အတွက် မိသားစုများမှာ အလွန်စိုးရိမ်နေကြကြောင်း ၎င်းကဆက်၍ ပြောသည်။

“သူတို့တွေမှာ ဖုန်းပါသွားပါတယ်၊ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပါတယ်၊ ဖုန်းလက်ခံဖြေဆိုတာမရှိဘူး၊ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ခေါ်သွားမှန်းမသိတော့ အရမ်းစိုးရိမ် နေကြပါတယ်” ဟု ဆိုသည်။

စစ်တွေတွင် ပြီးခဲ့သည့်လက ALP အဖွဲ့ဝင်များ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် စစ်တွေမြို့ ရပ်ကွက်အချို့မှ လူငယ်များ ပျောက်နေပြီး အချို့မှာ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

ALP အဖွဲ့သည် စစ်တွေမြို့တွင် ညပိုင်း၌ စစ်ကောင်စီအဖွဲ့နှင့် ပေါင်းကာ ကင်းလှည့်ခြင်း၊ ဆိုင်ကယ်များအား စစ်ဆေးခြင်းနှင့် လူဖမ်းခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ကိုတွေ့ရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ဆလီဖက်ရန်မှ မူဆလင်ကျောင်းသား ၃ ဦးကို မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ အမည်မသိ လူတစ်စုက ​စက်လှေဖြင့်ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်းသိရသည်။

မှတ်ချက်-ဤသတင်းတွင် ဖမ်းဆီးခံရသည့်သူများ၏ အမည် အသက် မိဘနာမည်များကို ထည့်သွင်း မဖော်ပြခြင်းမှာ စစ်တွေရှိ မိသားစုများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရ၍ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ