ABN – ရှိုင်းမိုး
ရခိုင်ပြည်၊ စစ်တွေမြို့တွင် သမီးရည်းစားချိန်းတွေ့နေစဥ် လူ ၃ယောက် လာရောက်ပြီး အမျိုးသမီးကို လုယူသွားပြီး၊ အမျိုးသားကို ဓားဖြင့် ထိုးခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက် ည၈နာရီကျော်အချိန်တွင် စစ်တွေမြို့ ကန်တော်ကြီးအကွက် ၃မှ အသက် ၂၀အရွယ်ရှိသည့် ကိုကျော်ခိုင်လင်းသည် သူ၏ရည်းစားဖြစ်သူနှင့် ချိန်းတွေ့နေချိန်တွင် လူ ၃ယောက် ရောက်လာကာ ဓားဖြင့်ထိုးခဲ့သည့်အတွက်ကြောင့် ကျောကုန်းတွင် ဒဏ်ရာရရှိသွားသည်။
ကိုကျော်ခိုင်လင်း၏ ရည်းစားဖြစ်သူကို လူ ၃ဦးမှ ပြန်ပေးဆွဲသွားပြီး၊ ၎င်းအား ရွှေရောင်မေတ္တာဖောင်းဒေးရှင်းအဖွဲ့နှင့် ကန်တော်ကြီးရပ်ကွက်မှ လူများရှာဖွေပြီး၊ အိမ်ကိုပို့ပေးခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ မှုခင်းဖြစ်တဲ့နေရာကိုရောက်တဲ့အခါ ဒဏ်ရာနဲ့ ကိုကျော်ခိုင်လင်းကိုသာတွေ့ပါတယ်၊ သူရဲ့ရည်းစားကိုမတွေ့ပါဘူး၊ ကျွန်တော်တို့ ရပ်ကွက်ကလူတွေနဲ့ အမျိုးသမီးငယ်ကို ဝိုင်းရှာကြလို့တွေ့ပါတယ်၊ ပြီးတော့ သူရဲ့အိမ်ကို လိုက်ပို့လိုက်ပါတယ်၊ ဒဏ်ရာရနေတဲ့ ကိုကျော်ခိုင်လင်းကိုတော့ ဆေးရုံးပို့ပေးခဲ့ပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောသည်။
ကိုကျော်ခိုင်လင်းကို စစ်တွေပြည်သူ့ဆေးရုံသို့ ယမန်နေ့ညက ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကားဖြင့် ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ABN သတင်းဌာနမှ ဆက်လက်စုံစမ်းလျက်ရှိနေသည်။


