Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနှင့် မိသားစုဝင် ၆ဦးကို စစ်ကောင်စီအဖွဲ့ဖမ်းဆီး

စစ်တွေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနှင့် မိသားစုဝင် ၆ဦးကို စစ်ကောင်စီအဖွဲ့ဖမ်းဆီး

AB News – မတ်လ ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနှင့် မိသားစုဝင် ၆ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ မတ်လ ၂၄ရက်၊ ည ၁၀ နာရီခန့်အချိန်တွင် နေအိမ်အား စီးနင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များမှ သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့၊ မကျည်းမြိုင် အကွက် ၁မှာ ဦးသိန်းရွှေမောင်အပါအဝင် သမီးဖြစ်သူ ၂ ဦး၊ သမက်ဖြစ်သူ ၂ဦးနှင့် မြေးဖြစ်သူ ကျောင်းသူ ၁ဦးတို့ ဖြစ်သည်။

ဦးသိန်းရွှေမောင်မှာ ယခင်က စစ်တွေမြို့၊ မကျည်းမြိုင်အကွက် ၁ တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ည ၁၀ နာရီခန့်အချိန်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်က မိသားစုဝင် ၆ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူ ၁ဦးက AB News သို့ ပြောသည်။

“လက်နက်အပြည့် ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေက သူတို့ ၆ဦးကို ဖမ်းဆီးသွားတာ။ သူတို့က နေအိမ်ကို စီးနင်းဝင်ရောက်ပြီး ဖမ်းသွားတယ်။ ကိုသိန်းရွှေမောင်ရဲ့ ဇနီးကိုတော့ မဖမ်းခဲ့ပါဘူး” ဟု ဆိုသည်။

မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂နေ့ကလည်း ကျောက်ဖြူမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး အိမ်ပြန်သည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားမိဘ ၃ဦးအား စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည်။

ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့အထိ အပြစ်မဲ့အရပ်သားပြည်သူ ၂၂၇ ဦးထက်မနည်း စစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ