သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် မြို့ခံအမျိုးသား ၁ ဦး ဖမ်းဆီးခံရ

AB News – မတ် ၄၊ ၂၀၂၆

စစ်ကော်မရှင် ထိန်းချုပ်ဆဲဖြစ်သည့် မြို့တော်စစ်တွေတွင် မြို့ခံအမျိုးသားတစ်ဦးအား စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူနှင့် နီးစပ်သူများက ဆိုကြသည်။

ဖမ်းဆီးခံရသူမှာ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်ရှိ ဓူဝံသံပစ္စည်းဆိုင်မှ ကိုညီချေ ၃၀ နှစ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ညနေ ၉ နာရီအချိန်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဧည့်စာရင်း စစ်ဆေးမည်ဟုဆိုကာ နေအိမ်အတွင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ညနေပိုင်းမှာ ဧည့်စာရင်း စစ်မယ်ဆိုပြီး ဝင်လာတယ်။ အာရက္ခတပ်တော်နှင့် ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းဆီးသွားတာ။ အခုချိန်ထိ ဘယ်နေရာမှာ ထိန်းသိမ်းထားလည်း မသိရသေးပါဘူး” ဟု ပြောသည်။

စစ်ကော်မရှင်တပ်မှ အကြောင်းမဲ့ ဖမ်းဆီးသွားသည့် ကိုညီချေမှာ အိုးတန်းရပ်ကွက် တွင် နေထိုင်ပြီး ”ဓူဝံ” အမည်ဖြင့် သံနှင့် သံထည်ပစ္စည်းများကို ရောင်းချကာ လုပ်ကိုင်စားသောက်နေသူတစ်ဦးလည်း ဖြစ်သည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ အရပ်သားများမှာ အကြောင်းပြချက်အမျိုးမျိုးဖြင့် စစ်ကော်မရှင်တပ်ထံ ဖမ်းဆီးခံနေရပြီး ပြန်လွှတ်ပေးရန်အတွက် ငွေကျပ် ၁၅ သိန်းမှ ၂၀ သိန်းအထိ တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

စစ်ကော်မရှင်ထိန်းချုပ်ဆဲဖြစ်သော စစ်တွေမြို့တွင် စစ်တပ်မှ ဧည့်စာရင်းကို အကြောင်းပြကာ ရပ်ကွက်တိုင်း၊ အိမ်တိုင်းသို့ နေ့စဉ်နီးပါး ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ထိုသို့ စစ်ဆေးမှုများအတွင်း မသင်္ကာသူများကို ခေါင်းစဉ်တပ်ကာ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ