Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် မိန်းမလျာ တစ်ဦးကို စနောက်ရာမှ ဓားထိုးမှုဖြစ်ပြီး ၂ ဦးကို အရေးပေါ်ခွဲစိပ်လိုက်ရ

ABN-ကိုဟိန်းထွန်း

ဇွန် ၁၉ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခန့်က မိန်းမလျာ တစ်ဦးကို စနောက်ရာမှ ဓားထိုးမှုဖြစ်ခဲ့ပြီး လူ၂ ဦးကို အရေးပေါ်ခွဲစိပ်လိုက်ရကြောင်း စစ်တွေမြို့ခံ ၁ ဦးက ABN ကိုဖုန်းဆက်အကြောင်းကြားလာခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးမှာ ရွာကြီးတောင်ရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဗျိုင်းဖြူရွာမှ မိန်းမလျာတစ်ဦးသည် ရွာကြီးတောင်သို့အလည်လာခဲ့ပြီး ၎င်းရွာမှ အမျိုးသားများက စက်ဆုပ်ရွံရှာဖွယ်ကောင်းသောစကားဖြင့် စနောက်ခဲ့ရာ ပြန်ဆဲဆိုသည့်အတွက် နောက်မှပြေးလိုက်ရာတွင် မိန်းမလျာနေအိမ်ရှိ အလုပ်သမားများက ထွက်လာ၍ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ ၁ ဦးက ABN သို့ပြောသည်။

“သူကရွာကြီးတောင်သို့အလည်လာပါတယ်၊ ဒီရွာကလူတွေကရွံစရာကောင်းတဲ့စကားတွေနဲ့စနောက်ကြတယ်၊ သူကသည်းမခံနိုင်လို့ပြန်ဆဲပြီး အိမ်ကိုပြေးသွားတယ်၊ အိမ်ကအလုပ်သမားတွေက ထွက်လာပြီး ဝိုင်းရိုက်နက်ပြီး ထိုးခဲ့တယ်” ဟု ဆိုသည်။

ဓားထိုးခံရသူများမှ စနောက်ခဲ့ကြသူများ ဟုတ် မဟုတ်ကို အတည်မပြုနိုင်သေးပေ။

စနောက်ခံရသည့်မိန်းမလျာသည် မြောက်ဦးမြို့နယ်မှဖြစ်ပြီး ဗျိုင်းဖြူရွာတွင်နေထိုင်ကြောင်းသိရသည်။

ဓားထိုးခံရသူများကို ဆေးရုံတွင် ခွဲစိပ်လိုက်ပြီးနောက် ဒဏ်ရာပြင်းထန်နေသည့်အတွက် ဆေးရုံတွင် တစ်ပတ်ခန့်ကြာ ဆေးကုသရမည် မည်ဖြစ်ကြောင်း ၎င်းမှဆက်၍ပြောသည်။

“ဓားထိုးခံရတဲ့သူတွေကိုခွဲစိပ်ပြီးပါပြီ၊ ဒဏ်ရာကပြင်းတဲ့အတွက် တစ်ပတ်လောက်နေရမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

အထိုးခံရသူ ၂ ဦးတွင် အခေါင်းနှင့် ဝမ်းဗိုက်တွင်ဓားထိုးချက် ဒဏ်ရာ ၄ ချက် တွေ့ရကြောင်းသိရသည်။

လက်ရှိတွင် မှုခင်းဖြစ်ပွားသူ ၄ ဦးကို စစ်တွေမြို့ အမှတ် ၂ ရဲစခန်းမှ ဖမ်းဆီးခေါ်သွားခဲ့ကြောင်းရပ်ကွက်သားများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ