Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ပေါက်တောမြို့နယ်မှ မိုခါမုန်တိုင်းသင့်ပြည်သူများ အိမ်ဆောက်ပစ္စည်းများဝယ်ယူ တင်ဆောင်ခြင်းအား စစ်ကောင်စီတပ်ဖွဲ့ဟန့်တား

စစ်တွေတွင် ပေါက်တောမြို့နယ်မှ မိုခါမုန်တိုင်းသင့်ပြည်သူများ အိမ်ဆောက်ပစ္စည်းများဝယ်ယူ တင်ဆောင်ခြင်းအား စစ်ကောင်စီတပ်ဖွဲ့ဟန့်တား

ABN-ရှိုင်းမိုး

ဇွန် ၁၆ရက်

စစ်တွေတွင် ပေါက်တောမြို့နယ်မှ မိုခါမုန်တိုင်းသင့် ပြည်သူများ အိမ်ဆောက်ပစ္စည်းဝယ်ယူတင်ဆောင်ခြင်းကို စစ်တွေ ဆတ်ရိုးကျတံတားအောက်တွင် ရပ်ဆိုင်းထားသည့် စစ်ကောင်စီနေဗီမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဟန့်တားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝတွင် ခရီးသည်တင် လှေပေါ်တွင် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သံဖြူ (သွပ်)၊ တာပေါ်လင်လိပ်၊ သံမှို၊ ဓာတ်ဆီ၊ ဆန်၊ ဘိလပ်မြေ စသည့်ပစ္စည်းများသယ်ယူနေသည့် ရေယာဥ်များကို စစ်ကောင်စီကတားမြစ်ထားကြောင်း သိရသည်။

မိုခါ မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ပေါက်တောမြို့နယ်မှ စစ်တွေသို့ စျေးဝယ်ထွက်နေသည့် လှေငယ်များသည် မိုးကြီး၊ လေကြီး၍ မြစ်ထဲတွင်မထားဘဲ ဆတ်ရိုးကျချောင်းဝတွင် ဆိုက်ကပ်​နေကြရသည့်လှေများတွင် ဆန်၊ ဓာတ်ဆီ၊ သံဖြူ၊ တာပိုလိပ်၊ သံမှို စသည့်ပစ္စည်းများကို စစ်ကောင်စီမှ သယ်ယူခွင့်ပိတ်ပင်ထားသည်ဟု ပေါက်တောနယ်မှ စျေးသည်တစ်ဦးကပြောသည်။

“လှေကငယ်တော့ မြစ်မှာကပ်ရတာအဆင်မပြေဘူး၊ မိုးကလည်းရွာ၊ လေကလည်းတိုက်တော့ ချောင်းထဲမှာထားရတယ်၊ ဒါကို စစ်သားတွေကလာပြီးပြောပါတယ် ဒီနားမှာကပ်တဲ့လှေပေါ်မှာ သံဖြူ၊ ဓာတ်ဆီ၊ တာပေါ်လိပ်၊ ဘိလပ်မြေအဲဒါတွေကိုမတင်နဲ့လို့၊ ကျွန်တော်က အများ တင်တာမဟုတ်ပါဘူး၊ ကိုယ့်အိမ်အတွက်ပဲတင်တာပါ” ဟု အမည်မဖော်လိုသူတစ်ဦးကပြောသည်။

လာရောက်ဟန့်တားသည့် နေဗီမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေပေးလျှင် တင်ခွင့်ရကြောင်း ပေါက်တောမြို့ပေါ်ရပ်ကွက်မှ ဒေါ်သူဇာ (အမည်လွှဲ) ကပြောသည်။

“ပိုက်ဆံရှိတဲ့သူတွေက တင်လို့ရတယ်၊ ဘာလို့ဆိုပိုက်ဆံပေးထားလို့၊ ကျွန်မတို့လို မပေးနိုင်တဲ့ သူတွေဆိုရင် မတင်ရဘူး၊ ကုန်စျေးနှုန်းကဒီလောက်တတ်နေတဲ့ကြားထဲ၊ မုန်တိုင်းနှင့်အိမ်ကပါသွားတယ်၊ အိမ်ပြင်ဖို့အတွက်တောင် ပိုက်ဆံရှာမရနိုင်တာ၊ သူတို့ကိုလည်းပေးရမယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ၎င်းကပြောသည်။

ပေါက်တောမြို့နယ်မှ ဒေသခံများ သည် စစ်တွေမြို့သို့ စက်လှေများဖြင့်သွား၍ စျေးဝယ်ကြရသည်။

စစ်ကောင်စီနေဗီတပ်ဖွဲ့ဂင်များသည် ခရီးသွားပြည်သူများထံမှ မတရားငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ