Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ပိတ်မိနေသည့် ပြည်သူများ စစ်ဘေးရှောင်ရန် ထွက်ခွာစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိ၍ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ၊ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွား

စစ်တွေတွင် ပိတ်မိနေသည့် ပြည်သူများ စစ်ဘေးရှောင်ရန် ခိုး၍ ထွက်ခွာစဥ် စစ်ကောင်စီ ထောင်ထားသည့် မိုင်းများကို နင်းမိကာ ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ၃၀ ဦးထက်မနည်းအား စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

စစ်တွေမြို့ထဲနှင့် မြို့အနီးရွာများတွင် စစ်ကောင်စီက ကြည်း၊ ရေ ကင်းဂိတ်အတန်တန်ချထားကာ စစ်တွေမြို့တွင်းရှိ ပြည်သူများကို ထွက်သွားခွင့် လုံးဝ မပြုဘဲ ပိတ်ထား၍ မြို့တွင်းတွင် ပြည်သူများစွာ ပိတ်မိလျက်ရှိကြောင်း သိရသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်၊ စပါးဆိပ်ရွာမှ အသက် ၇၁ နှစ်အရွယ် ဒေါ်ဦးလှသိန်း၊ ပေါက်တောမြို့နယ် ငရီချိုင်ရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမဲလုံးချေနှင့် အခြားအမည်မသိ အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

ဖြစ်စဥ်မှာ ယမန်နေ့ဧပြီလ ၂၁ ရက် နံနက် ၃ နာရီအချိန်တွင် ပြည်သူ ၁၃၀ ကျော်သည် စစ်တွေမြို့မှ ထွက်ခွာလာရာ ဂန့်ဂေါ်ကျွန်းရွာသို့ အရောက်တွင် စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများမှာ ကြောက်လှန့်ပြီး ကစဥ့်ကလျားထွက်ပြေးကြရာ စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းများကို နင်းမိ၍ ၃ ဦးမှာ နေရာတွင်သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ကံ့ကော်ကျွန်းရွာဖက်ကမ်းတွင် မိုင်းနင်း၍ သေဆုံးသည့် အလောင်း ၂ လောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးအပါအဝင် စစ်ရှောင် ၃၀ ကျော်မှာ ကျန်နေခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂ ဦးနှင့် သေဆုံး ရုပ်အလောင်း ၁ လောင်းအပါအဝင် ၁၀၀ ခန့်မှာ ဝါဘိုရွာဖက်ကမ်းသို့ စက်လှေဖြန့် ကူးနိုင်ခဲ့သောကြောင့် စစ်ကောင်စီ၏ လက်ထဲမှ လွတ်လာကြကြောင်း သတင်းရင်းမြစ်က ပြောသည်။

သေဆုံးကျန်ခဲ့သော ရုပ်အလောင်း ၂ လောင်းကိုမူ စစ်တပ်နှင့် နီးကပ်နေသည့် အတွက် ယူဆောင်ရန်ခက်ခဲနေကြာင်း ပြောသည်။

“သေဆုံးသွားတဲ့အလောင်း ၂ လောင်း ယူလို့မရဖြစ်နေတယ်။ စစ်တပ်နဲ့လည်း နီးကပ်နေတာဆိုတော့ ဘယ်သူမှ မယူရဲဘူး” ဟုဆိုသည်။

ဒဏ်ရာရရှိသွားသူများမှာ စစ်တွေမြို့နယ် ကျေးတောရွာမှ အသက် ၃၄ နှစ်အရွယ် မောင်သိန်းဝင်း၊ အသက် ၃၆ နှစ်အရွယ် သန်းနိုင်ချေ၊ အသက် ၄၅ နှစ်အရွယ် ကျော်လှသိန်းနှင့် အသက် ၂၁နှစ်အရွယ် ကိုထွန်းအေးတို့ဖြစ်ပြီး ၎င်းတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ကံ့ကော်ကျွန်းရွာဖက်ကမ်းတွင် ကျန်ရှိနေခဲ့သည့် စစ်ရှောင်ပြည်သူ ၃၀ ဦးကျော်ကို စစ်တွေမြို့  ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ စစ်ကားဖြင့် ဖမ်းခေါ်သွားကြောင်း သတင်းရင်းမြစ် ပြောပြချက်အရသိရသည်။

စစ်တွေမြို့မှ ပြည်သူများကို  စစ်ကောင်စီတပ်က အလုံးစုံပိတ်ထားသည့်အတွက် မြို့တွင်းရှိ ပြည်သူများမှာ ထွက်ပေါက်ပိတ်၍ ဓားစာခံ ဖြစ်နေကြရကြောင်း သိရသည်။

စစ်တွေမြို့နှင့် အနီးဆုံးတွင် ပေါက်တောမြို့နှင့် ပုဏ္ဏားကျွန်းမြို့ရှိသော်လည်း ပေါက်တောမြို့ကို သွားရန် ကုလားတန်မြစ်ကို ဖြတ်ကူးရမှာ ဖြစ်ပြီး၊ စစ်တွေမြို့အနီး မြစ်တွင် စစ်ကောင်စီ၏ ‌ရေတပ်နေဗီများက အချိန်ပြည့် ကင်းချ စောင့်ကြည့်လျက်ရှိပြီး ပုဏ္ဏားကျွန်းမြို့သို့ သွားရန်မှာလည်း ကုန်းလမ်း ရေလမ်းများတွင် စစ်ကောင်စီက အစောင့်ဂိတ်များ အတန်တန်ချထားလျက်ရှိသည်။

စစ်တွေမြို့တွင် မူဆလင် ဒုက္ခသည်များနှင့် စစ်တွေမြို့တွင်းနေ ပြည်သူများစွာတို့မှာ စစ်ကောင်စီ၏ ဓားစာခံအဖြစ် လုပ်ခံထားရသည့်အပြင် ဆန်ရိက္ခာ ပြတ်တောက်မှု၊ ဆေးဝါးရိက္ခာ ပြတ်တောက်မှုများနဲ့ ကြုံတွေ့နေရပြီး အင်တာနက် ဖုန်းလိုင်း ဆက်သွယ်မှုများလည်း ဖြတ်တောက်ခံထားရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ