Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် နပခတိုင်းမှူး ထင်လတ်ဦး စစ်မှူးထမ်းဟောင်းများနှင့် အစည်းအဝေးပြုလုပ်နေသည်ကို ALP ကလုံခြုံရေးကင်းစောင့်ပေးနေ

ယနေ့ နံနက် ၉ နာရီခန့်က ရခိုင်ပြည် စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦးသည် စစ်တွေရှိ စစ်မှူးထမ်းဟောင်းများနှင့် အစည်းအဝေးပြုလုပ်လျက်ရှိရာ ထိုအစည်းအဝေး၏ လုံခြုံရေးကို ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ ALP မှအဖွဲ့သားများလည်း စစ်ကောင်စီအဖွဲ့များနှင့်အတူ စောင့်လျက်ရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များအရ သိရသည်။

စစ်တွေမြို့ ဓညဝတီရပ်ကွက်နှင့် နာဇီရွာအစပ်ရှိ ၄ ထပ်ဆောင်တွင် နပခတိုင်းမှူး ထင်လတ်ဦး စစ်မှူးထမ်းဟောင်းများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ALP က စစ်ကောင်စီတပ်သားများနှင့်အတူ လုံခြုံရေး ယူလျက်ရှိကြောင်း မျက်မြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ တိုင်းမှူးထင်လတ်ဦးကတော့ မနက် ၉ နာရီလောက်မှာ ရောက်လာပြီး ၄ ထပ်ဆောင်ပေါ်ကို တက်သွားတာတွေ့လိုက်ပါတယ်။ တိုက်အောက် ပတ်လည်မှာ ALP အဖွဲ့တွေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူထားတာတွေ့ရပါတယ်။ ကျမကတော့ ဒါကိုမြင်တော့ အရမ်းပဲ အံ့သြသွားပါတယ်” ဟုပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မ‌တော် ALA/ ပါတီ ALP သည် စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြားသေးမီက ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည် နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းလာနိုင်ဖွယ်ရှိကြောင်းဝေဖန်သံများထွက်လျက်ရှိသည်။

ထိုသို့ ဝေဖန်သံများထွက်ပေါ်မှုနှင့်ပတ်သက်၍ BGF အဖြစ် အသွင်းပြောင်း တာဝန်ယူရန် ALP နှင့် စစ်ကောင်စီကြား ဆွေးနွေးမှု မရှိကြောင်း ALP ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် စောမြရာဇာလင်းက DMG သတင်းဌာနဲ့ အောက်တိုဘာ ၆ ရက်နေ့က အင်တာဗျူးတွင် ဖြေထားသည်။

ALP သည် 2012 ခုနှစ်က မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးထားပြီး လက်ရှိတွင် စစ်တွေမြို့ နာဇီရွာတွင် ရုံးဖွင့်ပြီး စစ်တွေမြို့အတွင်း ပြည်သူများစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်တွေတွင် နပခတိုင်းမှူး ထင်လတ်ဦး စစ်မှူးထမ်းဟောင်းများနှင့် အစည်းအဝေးပြုလုပ်နေသည်ကို ALP ကလုံခြုံရေးကင်းစောင့်ပေးနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ