Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်တွေ မှတ်ပုံတင်ကတ် ကိုင်ဆောင်ခြင်းမရှိသည့် ပြည်သူ ၉၀ ကျော်ကို စစ်ကောင်စီက အဓမ္မဖမ်းဆီးသွား

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တွေမှတ်ပုံတင်ကတ် ခေါ် ( ၁၁/ စတန ( နိုင် ) နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသည့် ပြည်သူ ၉၀ ကျော်ကို စစ်ကောင်စီက အဓမ္မဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က
လက်နက် များနှင့်အတူ စစ်တွေမြို့ရှိ အထင်ကရဘုန်းကြီးကျောင်းများ၊ ရပ်ကွက်များသို့ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း ရွာကြီးမြောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” သူတို့က အထင်ကရကျောင်းတွေက ဝင်ဖမ်းတာ၊၊ ပြောရမယ်ဆိုရင်တော့ ရွှေစတီကျောင်းတွေ၊၊ ဗုဒ္ဓတက္ကသိုလ်တွေရယ်ပေါ့။ တစ်ခြားဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊၊ လူပေါင်း ၉၀ ကျော်လောက်ကိုဖမ်းသွားတယ် “ဟုဆိုသည်။

အ​ကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကျောင်းများနှင့် ရပ်ကွက်များမှာ ရွှေစေတီကျောင်း၊ ဗုဒ္ဓမော်ကျောင်းတိုက်၊ ရက္ခမဏ္ဍိုင်ကျောင်း၊ ဗုဒ္ဓတက္ကသိုလ် အပါအဝင် ရွာကြီးမြောက်ရပ်ကွက်၊ အုန်းတပင်ရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်နှင့် ရူပမြောက်ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ထဲရှိပိတ်မိနေသည့် အခြားမြို့နယ်များမှ ဒေသခံများသည် ၎င်းဘုန်းကြီးကျောင်းများတွင် နေထိုင်ပြီးစားသောက်နေရကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့အားအဓမ္မဝင်ရောက်ဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးကိုပြောင်းပြောင်းတင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း အုန်းတပင်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

” အခုသူတို့ဖမ်းတာ စစ်တွေမှတ်ပုံတင်မကိုင်ဆောင်တဲ့သူတွေကိုဖမ်းတယ်။ ဒါကမဟုတ်သေးဘူးနော်။ ပေါက်တောကဆိုရင် ပေါက်တောမှတ်ပုံတင်ကတ်ရှိတာပဲလေ။ တစ်ခြားမြို့နယ်က ဆိုရင်လည်း သူတို့မှာ မြို့နယ်အလိုက် သတ်မှတ်ပေးထားတဲ့ မှတ်ပုံတင်တွေရှိတာပဲ။ ဒါကိုသူတို့မသိတာမဟုတ်ဘူး။ သိသိရင်းနဲ့ အဓမ္မဖမ်းဆီးသွားတာ။ လူ့အခွင့်အရေးကိုချိုးဖောက်နေတယ်”ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့ အဝင်အထွက်ဂိတ်များကို ပိတ်ထားပြီးနောက် မြို့ပေါ်သို့ ဆေးကုသရန်ရောက်ရှိနေသည့်ပြည်သူများ၊ ​အခြားမြို့နယ်များမှ အလုပ်လုပ်ကိုင်နေသည့်ပြည်သူများလည်း ထွက်ပေါက်မရှိဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့ခံများနှင့် တစ်ခြားမြို့နယ်မှ ပြည်သူများကို နေ့စဥ်ရက်ဆက်ဖမ်းဆီးနေခြင်းများပြုလုပ်လာသည့် အတွက် ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေတစ်ခုဖြစ်ပြီး မြို့ပေါ်နှင့် နယ်ဖက်တွင် စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ ကျော်ထက်မနည်းရှိကြောင်းသိရသည်။

မောင်တော၊ဘူးသီးတောင်မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတ်ု့၏မိသားစုဝင်များမှာလည်း တပ်ပိုင်ဧရိယာထဲမှာ နေထိုင်ခြင်းများရှိသကဲ့သို့ စာသင်ကျောင်းများတွင်လည်း နေထိုင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ