Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စက်သုံးဆီပြတ်နေပြီ

ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့တွင် စက်သုံးဆီများပြတ်လတ်နေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့အဝင်ဂိတ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်နေ့မှ ယနေ့အထိ ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိသည်။

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်ကြသည့် ကျော်ဇံ၊ ရွှေရိုးမ စသည့်စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီပြတ်လပ်နေပြီဖြစ်ကြောင်း ကားသမားများထံမှသိရသည်။

“ဒီနေ့မနက်ကတည်းက စစ်တွေမြို့ထဲက ဆီဆိုင်တွေမှာ ဆီပြတ်နေပြီ။ ကားလမ်းကလည်း ပိတ်ထားတုန်းပဲ။ ဒီအတိုင်းဆို လက်ကျန်ဆီတွေ ဈေးတက်လာနိုင်တယ်” ဟု စစ်တွေမြို့ထဲ အငှားယာဥ်မောင်တစ်ဦးက ABN ကိုပြောသည်။

စစ်တွေမြို့တွင် နိုဝင်ဘာ ၁၆ ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း တစ်လီတာကို ၂၂၇၀ ကျပ် ရှိခဲ့ပြီး၊ လက်လီလက်ကားဆိုင်များတွင် တစ်လီတာလျင် ၃၀၀၀ ကျပ်လောက်အထိ ဈေးပေါက်နေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေတွင် အခြေခံ လူသုံးကုန်ပစ္စည်းများမှာလည်း ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ပြည်သူများမှာ ကုန်ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းများအဆမတန်မြင့်တက်လာမည်ကို စိုးရိမ်လျက် ရှိကြသည်။

“ကားလမ်းက အခုထိ ပိတ်ထားတုန်းပဲ။ မြို့ထဲမှာလည်း ပစ္စည်းတွေပြတ်နေပြီ။ တချို့ဆေးတွေဆို လုံးဝရှာမရဘူး။ ဒီအတိုင်း ရက်ကြာလာရင် ကုန်ဈေးနှုန်းတွေ မတန်တဆ မြင့်တက်လာရင် ပြည်သူတွေ ဒုက္ခရောက်ကြတော့မယ်” ဟု လူမှုရေး တက်ကြွလှူပ်ရှားသူ တစ်ဦးက ABN ကိုပြောသည်။

ရခိုင်တွင် ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး၊ ဆေးဝါးတင်သွင်းခွင့်ကိုလည်း ပိတ်ဆို့ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ