Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ခွဲထွက် ALPအဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ပူးပေါင်း၍ စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်နေ

စစ်တွေတွင် ခွဲထွက် ALPအဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ပူးပေါင်း၍ စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်နေ

AB News-အောက်တိုဘာ ၂ ရက်

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ခွဲထွက် ALPအဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းသွားလမ်း လာဒေသခံပြည်သူများအား စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း စစ်တွေမြို့ခံများက ပြောသည်။

ခွဲထွက် ALPအဖွဲ့ဝင်များသည် စစ်ကောင်စီယူနီဖောင်းများကိုဝတ်ဆင်ကာ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး လမ်းသွားလမ်းလာများအား ​ စစ်ဆေးနေခြင်း ဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက စစ်တွေ မြို့၊ ရွာကြီးတောင်ရပ်ကွက်ခွဆုံနှင့် ကျေးတောရွာခွဆုံ တို့တွင် ခွဲထွက် ALPအဖွဲ့ဝင်များသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အင်အား ၃၀ ခန့်ဖြင့် လမ်းသွားလမ်းလာ ဒေသခံ ပြည်သူများကို ဖိအားပေးခြိမ်းခြောက် စစ်ဆေးခဲ့ကြသည်။

အမည်မဖော်လိုသော စစ်တွေမြို့ခံတစ်ဦးက “စစ် ကောင်စီနဲ့ ALP ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ အိတ်တွေ၊ ဖုန်းတွေ၊ ဆိုင်ကယ်တွေကို

ရပ်တန့်စစ်နေတယ်။ စစ်နေတာတော့ အတော်လေး ကြာပါပြီ။ အခုရက်ပိုင်း ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ALPရဲ့ လုပ်ရပ်ကတော့ ရခိုင်ပြည်သူကိုရော၊ ရခိုင့် တော်လှန်ရေးကိုပါ မျက်နှာပြောင်တိုက် သစ္စာဖောက် တဲ့လုပ်ရပ်၊ အရှက်မရှိ ရွံစရာကောင်းတဲ့ လုပ်ရပ်ပါပဲ” ဟု ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ခွဲထွက် ALP အဖွဲ့မှ အဖွဲ့ဝင် ၄ ယောက်သည် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းကာ လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့ကြောင်း စစ်တွေမြို့ခံများက ​ဆိုသည်။

အလားတူ စက်တင်ဘာလ ၁၆ရက်နေ့ကလည်း ခွဲထွက် ALP အဖွဲ့ဝင်တချို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းလျက် ဘီလူးမတံတားအနီးတွင် လမ်းသွား လမ်းလာများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြရုံသာမက ပြည်သူများကိုပါ ဆဲဆိုကြိမ်းမောင်းသွားခဲ့သေးကြောင်း ရပ်ကွက်သားများ ပြောပြချက်အရ သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ခွဲထွက် ALP အဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်သားများ၊ရဲတပ် ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၄၀ ခန့်သည် ဗျိုင်းဖြူရွာ ခွဆုံတွင် လက်နက်များကိုင်ဆောင်ပြီး ပြည်သူများအား တင်းတင်းကျပ်ကျပ် စစ်ဆေး ခဲ့ကြောင်းလည်း သိရသည်။

စစ်တွေတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့ဝင်များ၏ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို ဒုက္ခအမျိုးမျိုး ပေးနေသည့်အတွက် စစ်ဦးစီးချုပ်ဆိုသူ အပါအဝင် ခွဲထွက် ALP အဖွဲ့ဝင်များ မကြာခဏ လုပ်ကြံ ပစ်သတ်ခံနေရသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ