Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတက္ကသိုလ်တွင် ကျောင်းသူ ၁ ဦးအား ပါးရိုက်ခဲ့သည့် ကျောင်းဆရာမကို ထိရောက်စွာ အရေးယူသွားမည်ဟုဆို

စစ်တွေတက္ကသိုလ်တွင် ကျောင်းသူ ၁ ဦးအား ပါးရိုက်ခဲ့သည့် ကျောင်းဆရာမကို ထိရောက်စွာ အရေးယူသွားမည်ဟုဆို

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာလှဲလှယ်သည့် ကျောင်းသူ ၁ ဦးအား ပါရိုက်ခဲ့သည့် ဆရာမကို စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ အာဏာပိုင်များ၊ မျက်မြင်သက်သေ ၁၀ ဦး နှင့် ယနေ့တွင် တွေ့ဆုံမေးမြန်းပြီး ထိရောက်စွာအရေးယူသွားမည်ဟု စစ်တွေကျောင်းသားသမဂ္ဂထံက သိရသည်။

မတ်လ ၁၃ ရက်နေ့ က ဒဿနိကဗေဒ ပထမနှစ် ကျောင်းသူနှစ်ဦးသည် စစ်တွေတက္ကသိုလ်ရှိ အခန်းနံပတ် ၄၁၅ တွင် စာမေးပွဲဖြေဆိုရာ၌ ကျောင်းသူအချင်းချင်း အဖြေလွှာလှဲလှယ်ခဲ့သဖြင့် တာဝန်ကျ အခန်းစောင့်ဆရာမ ဒေါ်သန္တာထွန်းက ကျောင်းသူတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်မှုကျူးလွန်ခဲ့သည်ဟုသိရသည်။

၎င်းဖြစ်စဥ်နှင့်ပတ်သက်၍ ကျောင်းသူအား ကိုယ်ထိလက်ရောက်စော်ကားမှု၊ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုဖြစ်ပြီး ကျူးလွန်သူဆရာမကို အရေးယူသွားမည်ဟု ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းကိုအောင်က ABN ကိုပြောသည်။

“ဒဿနိကဗေဒ ပထမနှစ်ဖြေဆိုနေတဲ့ ကျောင်းသူတွေပါ၊ စာမေးပွဲစည်းကမ်းစည်းမျဥ်းအရတော့ အဖြေလွှာတွေကို သိမ်းပြီး ဆရာမကအရေးယူလိုက်ပါတယ်၊ ဒါပေမယ့် ဆရာမက ကိုယ်ထိလက်ရောက်စော်ကားခဲ့ပါတယ်၊ ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေကို လုပ်တော့ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂက သူ့ကိုအရေးယူရမယ်” ဟု ဆိုသည်။

စာမေးပွဲစည်းကမ်းစည်းမျဥ်းများအရ မည်သူမဆို တစ်ယောက်နှင့် တစ်ယောက် မေးခွန်း၊ အဖြေလွာများ လှဲလှယ်သည်ကို တွေ့ရှိလျှင် ၎င်း ကျောင်းသား/သူ ကို ၂ နှစ် သို့မဟုတ် ၃ နှစ်ထုတ်ပယ်ရမည်ဟု စည်းကမ်းရှိသော်လည်း ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုဖြစ်ရပ်မျိုးသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟု ကျောင်းသားသမဂ္ဂဥက္ကဌကဆက်ပြောသည်။

ကျောင်းသားတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားပြီး အော်ဟစ်ဆူပူခြိမ်းခြောက်မှုသည် မသင့်တော်ကြောင်း နှင့် ၎င်းအနေဖြင့် အမှန်ပင်ကြောက်ရွံခဲ့သည်ဟု ပါးရိုက်နက်ခံရသူက ABN ကိုပြောသည်။

“ကျမတို့နှစ်ယောက် အဖြေလွှာလှဲလှယ်တဲ့အချိန်က တစ်နာရီကျော်လောက်ပါ၊ ဆရာမက ဝင်လာပြီး အော်ဟစ်ဆူပူပါတယ်၊ စာရွက်တွေသိမ်းပါတယ်၊ ဘာစကားမှပြန်မပြောဝံ့ပါဘူး၊ ပြီးတော့ ကျွန်မပါးကို ရိုက်တယ်၊ ကျွန်မလည်းအရမ်းကိုကြောက်သွားတာပါ၊ နင်တို့နှစ်ယောက်စလုံး အခန်းအပြင်ကိုထွက်သွားစမ်းဆိုပြီးပြောပါတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသား/ ကျောင်းသူများကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ စိတ်ပိုင်းဆိုင်ရာသော်၎င်း၊ ရုပ်ပိုင်းဆိုင်ရာသော်၎င်း ကျူးလွန်ခြင်းသည် ကျွန်တော်တို့ကိုပါစော်ကားရာရောက်ပြီး ထိုအဖြစ်မျိုးကို နောက်ဆရာ/ဆရာမများ အခြားကျောင်းသူများကိုမလုပ်မိစေလိုကြောင်း၊ လက်ခံ၍ မရသည့်အခြေအနေတစ်ခုဖြစ်ပြီး စစ်တွေတက္ကသိုလ်မှာလည်း မရှိသင့်သည့်အရာ ဖြစ်သည့်အတွက် ကျောင်းသား/ ကျောင်းသူတစ်ရပ်လုံးက လက်ခံလို့မရသည့် လုပ်ရပ်ဖြစ်သည်ဟု မင်းကိုအောင်က ဆက်၍ပြောသည်။

“ဒီလိုမျိုး ကျောင်းသူတွေကို ထိပါးစော်ကားတာမျိုးဟာ ကျောင်းသားသမဂ္ဂတွေကို ထိခိုက်ပါတယ်၊ ဒီလိုအဖြစ်မျိုး နောက်ထပ်မလုပ်မိစေဖို့ တစ်ခြားဆရာမတွေကိုလည်း ပြောချင်ပါတယ်၊ ဒါကလက်ခံလို့မရတဲ့အရာတစ်ခုပါ၊ စစ်တွေတက္ကသိုလ်မှာလည်း ဒီလိုမျိုးအရာတွေမရှိသင့်ပါ၊ အဲဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသူကျောင်းသားတစ်ရပ်လုံး လက်ခံလို့မရတဲ့အရာဖြစ်တယ်” ဟု ဆိုသည်။

စစ်တွေတက္ကသိုလ် ဌာနမှူး ဦးကျော်နိုင်ဦး ကို ABN ကဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ပြော၍မရသေးကြောင်းနှင့် နောက်မှ ဖုန်းခေါ်ဆိုရန် ပြောဆိုခဲ့သော်လည်း နောက်ထပ် ဖုန်းပြန်ခေါ်ချိန်တိုင်းတွင် ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါ။

ဤဖြစ်စဥ်နှင့်ပတ်သက်၍ လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင်လည်း အခန်းစောင့်ကျောင်းဆရာမ အနေဖြင့် ထိုသို့ အပြုအမူမျိုးကို မလုပ်သင့်ကြောင်း ဝေဖန်နေကြသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ