Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေမှုကြောင့် ရက္ခိုင်က လယ်သမားများ စပါးရိတ်သိမ်းရန်အခက်ကြုံနေကြရ

စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေမှုကြောင့် ရက္ခိုင်က လယ်သမားများ စပါးရိတ်သိမ်းရန်အခက်ကြုံနေကြရ

AB News- ဒီဇင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၌ စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ရက္ခိုင်က လယ်သမားများ စပါးရိတ်သိမ်းရန်အခက်အခဲကြုံတွေ့နေရသည်ဟု AB News မှ စုံစမ်းသိရှိရသည်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်နေရသော ရက္ခိုင်ပြည်သူများမှာ လက်ရှိတွင် အချိန်မှီ စပါးရိတ်သိမ်း၍ မရနိုင်သည့်ခက်အခဲဖြင့်ကြုံနေရသည်။

စစ်ကောင်စီအဖွဲ့မှ ပြည်သူများနေထိုင်ရာဒေသများနှင့် ရပ်ရွာအနီး လယ်ကွင်းများအား လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်နေသောကြောင့် စပါးများမရိတ် သိမ်းနိုင်သေးကြောင်း ပေါက်တောမြို့ နယ်မှ ဒေသခံ ၁ ဦးမှပြောသည်။

” စစ်ကောင်စီတပ်တွေက နေ့ရော့ညပါ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်နေတော့ စပါးတွေလည်း မရိတ်သိမ်းဝံ့တော့ဘူး။ လယ်ကွင်းထဲလည်းမသွားရဲတော့ဘူး” ဟုဆိုသည်။

၎င်းအပြင် လယ်သမားများသည် ဆီစျေးနှုန်းမြင့်တက်မှုကြောင့် စက်မသုံးဘဲ သမားရိုးကျ စပါးများကိုရိတ်သိမ်းချင်သော်လည်း စစ်ကောင်စီ၏လက်နက်ကြီး အန္တရာယ်ကိုကြောက်လန့်၍ အရှုံးခံပြီး စက်များဖြင့်ရိတ်သိမ်းနေကြရကြောင်း လယ်သမားများက ပြောသည်။

စပါးရိတ်သိမ်းခ လယ် ၁ ဧကလျှင် ၁ သိန်းခွဲခန့်ပေးရသဖြင့် လယ် ၁ ဧကတွင် ၁ သိန်းခန့် ရှုံးသည်ဟု ပုဏ္ဏားကျွန်းနယ်မှ လယ်သမား ၁ ဦးက ပြောသည်။

“လက်နက်ကြီးတွေကလည်း ရမ်းသမ်းပစ်နေတယ်။ စပါးကလည်း ရိတ်သိမ်းချိန်တန်နေပြီ။ ဆီစျေးတွေကလည်း တအားကြီးနေတယ်။ စပါးကိုဘဲအားကိုးလုပ်တော့ မရိတ်မဖြစ်ဘူးလေ။ ဒီတော့ စက်ငှါးပြီးအရှုံးခံရိတ်နေရတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်းသယ်ယူပို့ဆောင် ခွင့်များပိတ်လိုက်သောကြောင့် စက်သုံးဆီ စျေးများမှာ အဆမတန် ထိုးတက်သွားခြင်း၊ စက်သုံးဆီမရှိခြင်းများကြောင့် စက်ဖြင့်စပါးရိတ်သိမ်း စရိတ်အဆမတန် မြင့်တက်သွားသဖြင့် စပါးရိတ်ခများ စျေးကြီး၍ စပါးမရိတ်သိမ်းနိုင်ဟု ရသေ့တောင်နယ်မှ တောင်သူ ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

“စပါးရိတ်ဖို့ ဆီကလည်းမရှိဘူး။ ရိတ်ခတွေက တအားစျေးကြီးတယ်။ စပါးစစိုက်ကတည်းက အရင်းအနှီးတွေအများကြီးထည့်လာတာ။ အခုတော့ ရိတ်သိမ်းစရိတ်မပေးနိုင်တဲ့အတွက် စပါးမရိတ်နိုင်သေးပါဘူး” ဟုပြောသည်။

စက်သုံးဆီ ဈေးမြင့်တက်မှုကြောင့် စပါးရိတ်သိမ်း စက်ငှား၍မရသည့်အပြင် လက်နက်ကြီးများပစ်ခတ်မှုကြောင့်လည်း အလုပ်သမားများ ငှားမရသည့်အတွက် စပါးခင်းများအား မရိတ်သိမ်းနိုင်သေးဟု ကျောက်တော်ဒေသခံ လယ်သမား ၁ ဦးကပြောသည်။

” စက်နဲ့ရိတ်ဖို့က စျေးကြီးတော့ စက်လည်းမငှါးနိုင်ဘူး။ အလုပ်သမားတွေ ငှါးပြီးရိတ်ဖို့ကလည်း လက်နက်ကြီးကို ကြောက်လို့ ၁ ယောက်မှ ငှါးမရဘူး၊ မိသာစုဝင် ၃ ယောက်နဲ့ဘဲ ရသလောက် ရိတ်နေရတယ်” ဟုဆိုသည်။

ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကာ၊ တိုက်ပွဲ စဖြစ်သည့်နေမှ စပြီး ရက္ခိုင်ပြည်အနှံ့ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးများကို ဖြတ်တောက်ခဲ့သည်။

ထိုသို့ ဖြတ်တောက်မှုကြောင့် ကုန်ပစ္စည်းရှားပါးမှု၊ ပြတ်လပ်မှုများကြောင့် ဈေးနှုန်းများမှာ မကြုံစဖူး အမြင့်ဆုံးအဆင့်သို့ ရောက်နေသည်။

အထူးသဖြင့် ဆန်၊ ဆီ၊ ငရုတ် နှင့် စက်သုံးဆီဈေးများမှာ တဟုန်ထိုး တက်လျှက်ရှိရာ လက်လုပ်လက်စားများ၊ တောင်သူ လယ်သမားများအတွက် အငတ်ဘေးဆိုက်မည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။

ဓာတ်ပုံ-စစ်ကောင်စီကပစ်သည့် လက်နက်ကြီး စစ်တွေမြို့နယ်ရှိ လယ်ကွင်းထဲကျပြီး မပေါက်ကွဲဘဲ တွေ့ရစဥ်/CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ