Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ မိုခါမုန်တိုင်းသင့် ပြည်သူများအပေါ် ထောက်ပံ့မှုနည်းသည့်အပြင် ကူညီကယ်ဆယ်ရေး အဖွဲ့များအား ခရီးသွားလာခွင့်ပိတ်၍ ဝေဖန်မှုများ မြင့်တက်ခဲ့သည့် ရခိုင်သို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်လာ၊ ပြည်သူများအတွက် ထူးခြားမှုမရှိ

ABN-ကိုဟိန်းထွန်း

ဇွန် ၁၈ ရက်

မိုခါမုန်တိုင်းသင့် ပြည်သူများအပေါ် ထောက်ပံ့မှုနည်းသည့်အပြင် ကူညီကယ်ဆယ်ရေး အဖွဲ့များအား ခရီးသွားလာခွင့်ပိတ်၍ ဝေဖန်မှုများ မြင့်တက်ခဲ့သည့် ရခိုင်သို့ ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် ဇွန်လ ၁၄ ရက်နေ့က စစ်တွေမြို့အပြင် ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်သို့ သွားရောက်ကြည့်ရှူခဲ့သော်လည်း ထူခြားမှုမရှိ၍ ပြည်သူများကြားတွင် ဝေဖန်မှုများစွာရှိခဲ့ကြောင်းတွေ့ရသည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့သည့်ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အနှံ့တွင် အိုးမဲ့အိမ်မဲ့များစွာရှိခဲ့ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့လိုက်လံကြည့်ရှူရာတွင် ပရဟိတအဖွဲ့အစည်းများအား ခေါ်ယူပြီး အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမများတွင် သီခြားစီတွေ့ဆုံခဲ့သည်။

ဒုစစ်ခေါင်းဆောင်သည် မြောက်ဦး၊ ​မင်းပြား၊ ကမ်းနီ၊ စစ်တောနှင့်ကျောက်ဖြူမြို့တို့ရှိ နယ်မြေခံတပ်ရင်းများ၊ ရဲတပ်ရင်းများအား လိုက်လံကြည့်ရှူစစ်ဆေးခဲ့ပြီး တပ်မတော်သား၊ အရာရှိ စစ်သည်၊ မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအားတွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့် Facebook Page တွင်ရေးသားထားသည်။

ရခိုင်တွင် သဘာဝဘေးန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ တစ်လအတွင်းသိသိသာသာ တိုးတက်မှုရှိလာခဲ့ ပြီး ထိခိုက်ပျက်စီးခဲ့သောတန်ဖိုး ဘီလီယံပေါင်းမြောက်များစွာရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့သည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများသို့ လာရောက်ကြည့်ရှူပြီး ထောက်ပံ့ကူညီသော်လည်း ထိရောက်မှုမရှိသည့်အပြင် အမိုးအကာအောက်မရောက်ရှိသည့် ပြည်သူများစွာရှိနေကြောင်း၊ တပ်မိသားစုဆိုင်ရာများသို့ ပို၍ကူညီထောက်ပံ့နေသည့်အတွက် မုန်းတိုင်းဒဏ်ခံပြည်သူများမှာ စားစရာမရှိကြောင်း အမည်မဖော်လိုသည့်လူမှုအဖွဲ့အစည်းတစ်ခုမှ ABN သို့ပြောသည်။

“သူတို့က မုန်းတိုင်းဒဏ်သင့်နေတဲ့ပြည်သူတွေကို လာရောက်ကြည့်ရှူပြီး ဆန်၊ ရိက္ခာတွေထောက်ပံ့ပေမယ့်လည်း ထိရောက်မှုတော့မရှိပါဘူး၊ သူတို့ပေးတာကအရမ်းနည်းပါတယ်၊ အမိုးအကာအောက်မရောက်ရှိတဲ့သူတွေအများကြီးပဲ၊ ဒါတွေကိုလုပ်ပေးရမယ်၊ တပ်မိသားစုတွေဆိုရင် လိုသလောက်ပေးပါတယ်၊ မုန်တိုင်းဒဏ်ခံနေရတဲ့ပြည်သူတွေက စားစရာတောင်မရှိဘူး” ဟု ဆိုသည်။

လက်ရှိမြေပြင်ကွင်းဆင်းအနေအထားအရ၊တာပေါ်လင်၊ သောက်ရေသန့်၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ခြင်ထောင်၊ အဝတ်၊ စောင်၊ ဖျာ၊ ဆိုလာ ၊ ဘက်ထရီမီးသီးများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် မိဖိုချောင်သုံးပစ္စည်းများကို ပြည်သူများ အရေးတကြီးလိုအပ်လျက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းပစ္စည်းများဖြန့်ဝေရာတွင် ပြည်သူလူထုထံသို့ တိုက်ရိုက်မဆင်းဘဲ မြို့ပေါ်ရှိ ထွေအုပ်ရုံးသို့ ရပ်ရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူကာ တစ်ဆင့်ခံပေးသည့်အတွက် နယ်ဝေးသောပြည်သူများမှာ လမ်းစရိတ်မတတ်နိုင်ခြင်း၊ ရသည့်ထောက်ပံ့ဆန်များကို ရောင်းချရကြောင်း ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“သူတို့ကပစ္စည်းတွေဖြန့်ဝေတဲ့အခါ ကျနော်တို့ဆီ ချက်ချင်းမရောက်ပါဘူး၊ အုပ်ချုပ်ရေးမှူးတွေဆီကသွားထုတ်ရပါတယ်၊ ဆန် ၈ဗူးရတယ်၊ သွပ်တွေနည်းလို့ ခွဲဝယ်ကြပါတယ်၊ နယ်ဝေးတဲ့သူတွေကတော့ရတဲ့ ပစ္စည်းတွေနဲ့ အဆင်မပြေလို့ ထောက်ပံ့ဆန်တွေကိုပါ ရောင်းချနေရပါတယ်” ဟု ဆိုသည်။

လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဟင်းသီးဟင်းရွက်အစရှိသော ပစ္စည်းများကို ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်အတွင်းသို့ သယ်ယူပို့ဆောင်နေသော်လည်း ပြည်သူများထံသို့ ရောက်ရှိခြင်းမရှိ၊ ၎င်းတို့တပ်တွင်းမိသားစုများသာ ရရှိနေကြောင်းတွေ့ရသည်။

ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်သူလူထုအများအပြားဆုံးရှုံးနစ်နာမှု များစွာရှိခဲ့ပြီး၊ အထိခိုက်ဆုံးမြို့များဖြစ်သော စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး တို့တွင် ၉၅%ရာခိုင်နှုန်းထိ ရှိခဲ့ပြီး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ တို့တွင် ၆၀%ရာခိုင်နှုန်းထိ ဆုံးရှုံးသွားခဲ့ကာ မာန်အောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်း၊ ဂွ၊ သံတွဲ​၊ မောင်တော တို့တွင်း ၃၀ % ရာခိုင်နှုန်းထိရှိခဲ့ကြောင်း ULA/AA ၏ HDCO ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ