Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုများကြောင့် UN OCHA အနေဖြင့် ရခိုင်ဒေသကို ဝင်ရောက်ကူညီခွင့် အတည်ပြုချက် စောင့်ဆိုင်းနေရကြောင်းထုတ်ပြန်

ABN -မေအိအိအောင်

ဇွန် ၁ ရက်

ဖျက်အားပြင်း မိုခါမုန်တိုင်းကို ရင်ဆိုင်ခဲ့ရသည့် ရခိုင်ဒေသကို ဝင်ရောက်ကူညီပေးရေးအတွက် ဝင်ရောက်ခွင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း United Nations OCHA Myanmarမှ ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။

UN OCHA အနေဖြင့် ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် ရခိုင်သို့ ဝင်ရောက်ကူညီခွင့် အတည်ပြုချက်ကိုစောင့်ဆိုင်းနေရသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက ယင်းတို့ ရှိပြီးသားခွင့်ပြုချက်ဖြင့် အမိုး အကာ၊ ရေနှင့်သန့်ရှင်းရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ နှင့် စားနပ်ရိက္ခာများကို လက်လှမ်းမီရောက်ရှိနိုင်သည့် နေရာတိုင်းတွင် ပံ့ပိုးနေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယင်းအပြင် မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူ ၁ ဒသမ ၆ သန်းနှင့် ကချင်ပြည်နယ်ရှိ တချို့နေရာများအတွက် ကူညီရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကို ထည့်ဝင်ရန် ဆော်သြထားကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီကလည်း ရခိုင်ဒေသတွင် မုန်တိုင်းတိုက်ပြီးနောက် ၁၈ ရက်ကြာအထိ နိုင်ငံတကာအကူအညီများကို ဝင်ခွင့်မပေးသည့်အတွက် ရခိုင်ဒေသတွင်း၌ အကူအညီများ ရောက်ရန်နှင့် ပြန်လည်ထူ ထောင်ရေးများပြုလုပ်နိုင်ရန် အချိန်ပိုကြာနိုင်ကြောင်းကို ဒေသတွင်း ပရဟိတလုပ်ဆောင်နေသူများက ပြောသည်။

ထို့ကြောင့် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက နိုင်ငံတကာအကူအညီများ အမြန်ဆုံးထောက်ပံ့ပေးရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကန့်သတ်၊ ပိတ်ပင်ခြင်းမလုပ်ရန် မေလ(၂၉)ရက်နေ့က တောင်းဆိုထားကြောင်းသိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကလည်း ရခိုင်ပြည် တစ်ခုတည်းမှာပင် လူပေါင်း( ၁၀၇,၀၀၀ ) အတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ ပံ့ပိုးပြီးဖြစ်ကာ အိမ်ထောင်စု ( ၇,၇၀၀ )အတွက် အမိုး အကာနှင့် အခြားလိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို ပံပိုးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် WFP က သောက်သုံးရေ လီတာ( ၃၀,၀၀၀ )ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကာ နိုင်ငံအနောက်မြောက်ဖက်ပိုင်းက မုန်တိုင်းဒဏ်သင့်သူများကို အမိုးအကာများ ပြုပြင်ရန်အတွက် ငွေသားအကူအညီမျှပေးခဲ့သည့်အပြင် လူဦးရေ ( ၄,၅၀၀ ) အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်များနှင့် တခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ဒေသတွင်း ကူညီရေးအလှူရှင်များ၏ ထောက်ပံ့မှုကိုပင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းနှစ်ခုလုံး၌ စစ်ဆေးရေးတင်းကြပ်ထားသည်ကိုတွေ့ရသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် လူတစ်သန်းကျော် ထိခိုက် နစ်နာခဲ့ရပြီး မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စများ မပြုလုပ်နိုင်သေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ