Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ တပ်မမှူး ၂ ဦးအပါအဝင် အရှင်ဖမ်းဆီးရမိသူများအား နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း ဆေးကုသမှုပေးကာ ရက္ခိုင့်တပ်တော် စောင့်ရှောက်ထား

AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း တိုက်ပွဲများ၌ အရှင်လက်ရဖမ်းဆီးမိသော စစ်ကောင်စီအဖွဲ့မှ ဒဏ်ရာရ တပ်မမှူး ၂ ဦးအပါအဝင် အခြားစစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ရက္ခိုင့်တပ်တော် နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းစွာ ဆေးကုသမှုပေးကာ စောင့်ရှောက်ထားကြောင်း
ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “စစ်ဘက်၊ ရဲဘက်စခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသောသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ ရက္ခိုင့်တပ်တော်မှ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်” ဟု ဖော်ပြထားသည်။

 ထို့အတူ လက်နက်ချအညံ့ခံစဉ် ပါလာသော ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများကိုလည်း ၎င်းတို့နှင့်အတူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိသော ဒဏ်ရာရရှိထားသည့် သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံစဉ် ပါလာသူများထဲမှ ဒဏ်ရရရှိထားသူများကိုလည်း မိမိတို့အနေဖြင့် မိမိတို့တွင်ရှိသောဆေးဝါးများဖြင့် အကောင်းဆုံးကုသပေးထားကြောင်း ဖော်ပြခဲ့သည်။

ရက္ခိုင့်တပ်တော်ဆေးတပ်ဖွဲ့ဝင်များဆေးဝါးကုသမှုပေးခဲ့သောသူများအထဲတွင်  ဒု-ဗိုလ်မှူးကြီး ညီညီဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းသည် ကျောက်တော်၊ စကခ ၉ လက်အောက်ခံ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဖြစ်သည်။ ၎င်းအားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေပြီးဖြစ်သည်။

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဒု-ဗိုလ်မှူးကြီး ညီညီဝင်းအား ဖမ်းဆီးရရှိမိခဲ့ပြီး ယခုအချိန်တွင် ရက္ခိုင့်တပ်တော်က ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြားသောတစ်ဦးမှာ ရက္ခိုင့်တပ်တော်အနေဖြင့် ကယ်ဆယ်ချိန်မရလိုက်ဘဲ သေဆုံးခဲ့သော တပ်မ ၁၁ တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း/ ၃၁၅၁၄ ဖြစ်ပြီး တပ်မ ၁၁ တပ်မမှူးအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦး ခမရ ၃၇၇ အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် ၅၁ နှစ်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇/၈ ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ မိမိတို့မှ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄ အားလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်။

ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ကြည်း/၂၇၉၆၇ အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောင်း ဖော်ပြထားသည်။

ထို့အတူ အခြားသော စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သောသူ များ၏ အသက်နှင့် ခန္ဓာကိုလည်း ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားကြောင်း AA ပြောသည်။

ထို့အပြင် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်း မြောက်မြားစွာတို့ကိုသာမက ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း ရက္ခိုင်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီး တစ်ပြိုင်နက်တည်းတွင် လက်နက်ချအညံ့မခံသော စစ်ကောင်စီ စစ်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ