Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ စစ်စခန်း ၃ ခုအား သိမ်းပိုက်ထားပြီဟု AA ပြော

AB News- ဒီဇင်ဘာ၂၉၊ ၂၀၂၃

ရက္ခိုင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စစ်စခန်း ၃ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ယနေ့ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၃၁ မိနစ်တွင် ထုတ်ပြန်သည်။

အပြီးသတ်သိမ်းပိုက်ရရှိခဲ့သော စခန်းများမှာ မြောက်ဦးခရိုင်ရဲစခန်း၊ ပလက်ဝမြို့ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုတ်စခန်းတို့ဖြစ်သည်။

ထုတ်ပြန်ချက်တွင်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းအား လည်းကောင်း၊

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းအား လည်းကောင်း၊

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့​ကြောင်း ဆိုသည်။

ရက္ခိုင်နှင့်ပလက်ဝ ဒေသအတွင်းရှိ အနည်းငယ်သာကျန်ရှိသော စစ်ဆင်ရေးပစ်မှတ်များကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ကြိုးပန်းလျက်ရှိပြီး လက်နက်ချအညံ့မခံသော စကစတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်၏ ချေမှုန်းခြင်းခံရသော ပုတ်ပွနေသော စကစအလောင်းများကိုလည်း ရက္ခိုင့်တပ်တော်က ကောင်းစွာသင်္ဂြိုလ်ပေးထားသည်ဟု သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သိမ်းပိုက်ရရှိထားသောမြို့များမှ စခန်းများမှာ စစ်တွေမှ ၁ ခု၊ ပေါက်တောမှ ၆ ခု၊ ကျောက်ဖြူမှ ၇ ခု၊ ရမ်းဗြဲမှ ၄ ခု၊ မြေပုံမှ ၄ ခု၊ တောင်ကုတ်မှ ၂ ခု၊ သံတွဲမှ ၃ ခု၊ အမ်းမှ ၃ ခု၊ မောင်တောမှ ၆၂ ခု၊ ဘူးသီးတောင်မှ ၆ ခု၊ ရသေ့တောင်မှ ၄ ခုနှင့် ပုဏ္ဏားကျွန်းမှ ၃ ခုတို့ဖြစ်ပြီး တစ်ခြားစခန်းကုန်းအပါအဝင် ဗျူဟာကုန်းများကိုလည်း တစ်ရက်မပျက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင်ရှိမြို့နယ်အားလုံးနီးပါးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နေ့စဥ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စကစဖက်မှ အကျဆုံးများနေသည့်အတွက် တပ်တွင်းထွက်ပြေးမှုများ ယခင်ထက်ပိုများလာခြင်း၊ အထက်အောက်အာဏာလုမှုကြောင့် အချင်းချင်း ပစ်သတ်ခြင်းများရှိလာနေကြောင်း တွေ့ရသည်။

ထို့အပြင် လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ဤသတင်းထုတ်ပြန်ချက်နှင့်အတူ အာမခံကြောင်း ထပ်လောင်း အသိပေးထားကြောင်း AA ကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ