Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ ကျောက်တန်းဂိတ်တွင် အကြောင်းမဲ့ စစ်ဆေးမှုကြန့်ကြာမှုကြောင့် ကိုယ်ဝန် ၈လရှိသည့်လူနာတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၁ရက်

ရခိုင်ပြည် စစ်တွေမြို့နယ် စစ်ကောင်စီတပ်၏ ကျောက်တန်းဂိတ်တွင် အကြောင်းမဲ့ စစ်ဆေးမှုကြန့်ကြာမှုကြောင့် ကိုယ်ဝန် ၈လရှိသည့် အမျိုးသမီးတစ်ဦးသေဆုံးသွားသည်ဟုသိရှိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၀ရက်နေ့ ညဥ့် ၁၀နာရီ ၄၅မိနစ်အချိန်တွင် စစ်တွေမြို့ ကြွီတဲပိုက်ဆိပ်ကြီးရွာမှ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ရင်မွန်းကျပ်၍ စစ်တွေဆေးရုံးကြီးသို့ သွားချိန်တွင် စစ်ကောင်စီကျောက်တန်းဂိတ်မှ ၄၅ မိနစ်ကြာစစ်ဆေးမှုကြောင့် ဆေးရုံသို့အချိန်မီ မရောက်ရှိဘဲ သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော ကိုယ်ဝန်သည်အမျိုးသမီးသည် စစ်တွေမြို့ ကြွီတဲပိုက်ဆိပ်ကြီးရွာမှ အသက် ၂၉နှစ်အရွယ် မအဖြူလုံးခေါ် (ခင်ခင်လင်း) ဖြစ်ကြောင်းသိရှိရသည်။

သေဆုံးသွားသည့် ကိုယ်ဝန်သည်အမျိုးသမီးလူနာအား စစ်တွေ အခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူနာတင်ယာဥ်ဖြင့် တင်ယူလာခဲ့ခြင်းဖြစ်ပြီး၊ လူနာသည် လမ်းတွင် သေဆုံးသွားခြင်း ဖြစ်သည်မှာ မှန်ကန်ကြောင်း ရွှေရောင်မေတ္တာကလည်း ကြေငြာထားသည်။

သူမသည် မွေးရာပါ နှလုံးရောဂါရှိသူတစ်ဦးဖြစ်သော်ကြောင့် ကိုယ်ဝန်​ဆောင်ချိန်တွင်လည်း နေမကောင်းဖြစ်၍ ဆေးရုံသို့မကြာခဏသွားပြနေရသည်ဟုသိရှိရသည်။

သူမ၏ ကိုယ်ဝန်မှာ ၈လရှိသော်လည်း ဆရာဝန်မှ ၉လနှင့် ခွဲစိတ်ပြီးမွေးရမည်ဟု ပြောဆိုထားကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ညဥ့် ၁၀ နာရီအချိန်က နေမကောင်း၍ စစ်တွေဆေးရုံသို့သွားချိန်တွင် စစ်ကောင်စီတပ်၏ ကျောက်တန်းစစ်ဆေးရေးဂိတ်မှ သူမတို့စီးနင်းလာသော တုတ်တုတ်ချေတစ်စီးတည်းကို ၄၅မိနစ်ကြာစစ်ဆေးနေခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေချိန်တွင် မိသားစုဝင်တစ်ဦးက နေမကောင်းသည့် ကိုယ်ဝန်သည်တစ်ဦးပါသည့်အတွက် အမြန်ဆုံးစစ်ဆေးပေးပြီးပြန်လွှတ်ဖို့ပြောသော်လည်း အထက်ကိုအကြောင်းကြားပြီးမှ ပြန်လွှတ်ရမည်ဟု ပြောဆိုပြီး အချိန်ကြာနေသည်ဟု အစ်မဖြစ်သူကပြောသည်။

“ကျွန်မတို့ ၁၀ နာရီ ၅၇မိနစ်မှာရောက်ပါတယ်၊ ကျွန်မတို့ကို ၁၁ နာရီ ၄၀ ကျော်လောက်မှပြန်လွှတ်ပေးတယ်၊ ကျွန်မကပြောပါသေးတယ် ကိုယ်ဝန်သည်က နေမကောင်းဘူးအမြန်သွားရမယ်ပြောပါတယ်၊ ဒါပေမယ့်သူတို့ကမလွှတ်ပေးဘူး၊ အထက်ကိုတင်ပြရမယ်ဆိုပြီးပြောတယ်၊ အဲဒီကျောက်တန်းဂိတ်နားမှာကတည်းက ကျွန်မညမက သတိမရတော့ဘူး” ဟုဆိုသည်။

သူမသည် စစ်တွေဆေးရုံကြီးသို့ရောက်ချိန်တွင် အသက်မရှိတော့ကြောင်း၊ ဆေးရုံရောက်ချိန်နောက်ကျသည်ဟုလည်း ဆရာဝန်ကပြောကြားခဲ့သည်ဟု အစ်မဖြစ်သူကပြောသည်။

သူမ၏ရုပ်အလောင်းကိုခွဲစိတ်ပြီး ကလေးငယ်မှာ မိန်ကလေးဖြစ်ကြောင်းသိရှိရသည်။

စစ်တွေကျောက်တန်းဂိတ်သည် ခရီးသည်များကို မကြာခဏစစ်ဆေးပြီး တခါတလေ့ဖမ်းဆီးမှုများလည်းရှိကြောင်းသိရှိရသည်။

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ