Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ တောင်ကုတ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၊ သေဆုံးသူအချို့ရှိ၊ ၂၀ ထက်မနည်း ဆေးရုံတင်ထားရ

AB News – ဒီဇင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စကစ စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် အချို့သေဆုံးကာ ၂၀ ထက်မနည်းဆေးရုံတင်ထားရကြောင်း AB News မှ ထောက်လှမ်းသိရသည်။

၎င်းတို့သည် ဒီဇင်ဘာလ ၁၈ ရက် ည ၁၀ နာရီကျော်အချိန် သံတွဲဖက်မှ စစ်ကားသုံးစီးဖြင့် ထွက်လာခဲ့ရာ ကမ်းဒေးအနီး သက္ကယ်ပြင်တံတား၌ ရက္ခိုင့်တပ်တော်၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းခံရပြီးနောက် စကစ တပ်သားအချို့ သေဆုံးသွားခဲ့သည့်အတွက် တောင်ကုတ်အခြေစိုက် ၅ တပ်ရင်းက လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ကူပေးခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော လူ ၂၀ ကို တောင်ကုတ်မြို့ရှိ ပြည်သူ့ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီး ယင်းနေ့က ပြည်သူများအား ဆေးရုံတက် ဆေးကုသခွင့်ပိတ်လိုက်ကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“လူ ၂၀ ကျော်လောက်ဒဏ်ရာရရှိသွားတယ်၊ ဆေးရုံမှာလည်းပြည့်နေတယ်၊ ပြည်သူတွေကို ဆေးကုသခွင့်ပိတ်ထားပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ဝင်များသည် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးတို့တွင် ရက္ခိုင့်တပ်တော်၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကို မကြာခဏခံရလေ့ ရှိသည်။

၎င်းကိစ္စများကြောင့် စကစအဖွဲ့က တိုက်ပွဲနှင့်မသက်ဆိုင်သော ပြည်သူရပ်ရွာများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီး တရားစွဲဆိုမှုများကို ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့တွင် ၂ ဖက်တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် မြို့ခံပြည်သူများအချို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း AB News က စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ