Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့မှ ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီအဖွဲ့မှ ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

AB News – ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရှောင်နေရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာရှိ အိမ်ထောင်စု ၁၀၀ ကျော်မှ လူဦးရေ ၄၀၀ ကျော်မှာ ရွာဟောင်းတောရွာနှင့် အခြားနီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ရက် ညနေ ၃နာရီ ၂၀မိနစ်ကျော်အချိန်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအဖွဲ့ ခမရ ၅၄၀တပ်ရင်းမှ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် Mi-35 ရဟတ်ယာဥ်​ဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ကျေးရွာများအားတိုက်ခိုက်ခဲ့သောကြောင့် သရက်အုပ်ကျေးရွာမှ လူဦးရေ ၄၀၀ကျော် စစ်ဘေးလွတ်ရာတွင် ခိုလှုံကြရကြောင်း ကျေးရွာသား ၁ဦးက ပြောသည်။

” ကျနော်တို့ အကုန်လုံးထွက်ပြေးလာကြတာပါ။ မနေ့က ညနေ ၄နာရီကျော်အချိန်မှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတော့ ခမရ ၅၄၀တပ်ရင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ကောင်စီ ရဟတ်ယာဥ်ဟာလည်း ကျေးရွာတွေနှင့် ဘုရား၊စေတီတွေကို ပစ်ခတ်ခဲ့တယ်။ အဲ့ဒါကြောင့် ရွာသားတွေဟာ စစ်ဘေးလွတ်ရာမှာ ခိုလှုံနေရပါတယ်” ဟု ဆိုသည်။

မြောက်ဦးမြို့ခံသားများမှာ စစ်ကောင်စီအဖွဲ့၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် လူသားဒိုင်းကာအဖြစ် ဖမ်းဆီး၊ထိန်းသိမ်းခံရမည်ကို ကြောက်ရွံ့နေကြသည်ဟု မြောက်ဦးမြို့ခံ နောက်တစ်ဦးက ပြောသည်။

“စစ်ကောင်စီအဖွဲ့ဟာ တိုက်ပွဲဖြစ်လာရင် မြို့ခံတွေကို လူးသားဒိုင်းကာအဖြစ် ဖမ်းဆီးတယ်။ မြို့၊ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်၊ မီးရှို့တယ်။ ဒါဟာ သူတို့ရဲ့ လူမဆန်တဲ့ လုပ်ထုံးလုပ်နည်းဖြစ်တယ်။ အဲ့ဒါကြောင့် ကျမတို့ဟာ ကြောက်ရွံ့ပြီး နေထိုင်နေရတယ်” ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေက မြောက်ဦးတွင် စစ်ကောင်စီက Mi35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရတနာ့မာန်အောင် ရှေးဟောင်းသမိုင်းဝင် စေတီမှာ ထိခိုက် ပျက်စီးမှုရှိခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရက္ခိုင်ပြည် မြို့နယ် အများအပြားတွင် သေဆုံးသူ ၄၀ ကျော်ထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော် ရှိလာနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ