Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့က မင်းပြားနယ်တွင် မိုခါကြောင့် အိမ်လုံးဝ ပျက်စီးသွားသည့် ၇ အိမ်စာအတွက် ဆန် ၁ အိတ်ပေး

ABN-ကိုဟိန်းထွန်း

ဇွန် ၂၅ ရက်

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာတွင် လုံးဝပြိုလဲသွားခဲ့သည့် ၇ အိမ်စာအတွက် စစ်ကောင်စီအဖွဲ့က ဆန် ၁ အိတ်သာပေးခဲ့ပြီး ခေါင်မိုးပွင့် အိမ်များကို မည်သည့်ကယ်ဆယ်ရေးမှ မပေးခဲ့ကြောင်း ရွာသား ၁ ဦးက ABN သို့ဖုန်းဆက်ပြောဆိုသည်။

မိုခါအလွန် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ စစ်ကောင်စီအဖွဲ့က ကယ်ဆယ်ရေးများ ပေးနေကြောင်း ၎င်းတို့၏ ဝါဒဖြန့် စာမျက်နှာများက သတင်းဖြန့်နေသော်လည်း ကယ်ဆယ်ရေး လိုအပ်နေသည့် ပြည်သူများဆီသို့ အမည်ခံ ထောက်ပံ့ဆန်လောက်သာ ရောက်ရှိသည်ကို ABN က လေ့လာတွေ့ရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မင်းပြားမြို့နယ် စမ္ဘလေကျေးရွာအုပ်စု ကြမ်းတိုက်ရွာတွင် စစ်ကောင်စီအဖွဲ့က နေအိမ် လုံးဝပျက်စီးသွားသည့် နေအိမ် ၇ အိမ်စာအတွက် ဆန် ၁ အိတ်သာပေးခဲ့ကြောင်း ရွာသား ၁ ဦးက ABN သို့ပြောသည်။

“သူတို့က အုပ်စုလိုက် ထောက်ပံ့ဆန်တွေပေးတယ်၊ လုံးဝပြိုလဲသွားတဲ့အိမ် ၇ လုံးပေါင်းမှ ဆန် ၁ အိတ်သာရတာပါ၊ ခေါင်မိုးပွင့်တဲ့ ​အိမ်တွေဆိုရင် ဘာတစ်ခုမှမရပါဘူး၊ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်” ဟု ဆိုသည်။

ထိုရွာတွင်အိမ်ထောင်စုအရေအတွက် ၁၈၀ ရှိပြီး ၊ မိုခါကြောင့်လုံးဝလဲပြိုသွားခဲ့သည့်အိမ် ၁၀ အိမ်၊ ခေါင်မိုးပွင့်အိမ် ၅၇ အိမ်နှင့် အခြားသွပ်အမိုးများပျက်စီးသွားသည့်အိမ်များလည်းရှိကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီက ကူညီကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အခြားရွာအုပ်စုများသို့ ဆန်၊ ဆီ၊ မာမီးခေါက်ဆွဲထုပ်များအနည်းငယ်ပေးခဲ့သော်လည်း ကြမ်းတိုက်ရွာတွင်ဆန် ၁ အိတ်မှအပအခြားပစ္စည်းများ မပေးခဲ့ကြောင်း ၎င်းကဆက်၍ ပြောသည်။

“ကယ်ဆယ်ရေးပေးတဲ့အခါ တစ်ခြားရွာတွေမှာစားစရာအနည်းအများရပေမယ့် ကျနော်တို့ရွာကတော့ မရဘူး၊ ကိုယ်ထူကိုယ်လုပ်ဖို့ကလည်း ပိုက်ဆံကမရှိ၊ ပရဟိတသမားတွေကလာရောက်ပြီးကူညီပေးစေချင်တယ် “ဟု ဆိုသည်။

လက်ရှိတွင် စားဝတ်နေရေးအခက်အခဲ၊ ငွေကြေးအခက်အခဲဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရုန်းကန်နေကြရကြောင်းသိရသည်။

၎င်းအပြင် ရွာသားများ အဓိက လုပ်ကိုင်စားသောက်သည့် ကွမ်းစိုက်ခင်းများလည်း ပျက်စီးသွားသည့်အတွက် ကြမ်းတိုက်ရွာသားများမှာ အခက်ကြုံနေရကြောင်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ