Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဓိက ထိန်းချုပ်ရာ စစ်တွေမြို့တွင် အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့် ခိုးဆိုး လုယက်မှု ပိုဆိုးလာ

စစ်ကောင်စီအဓိက ထိန်းချုပ်ရာ စစ်တွေမြို့တွင် အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့် ခိုးဆိုး လုယက်မှု ပိုဆိုးလာ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂ရက်

စစ်ကောင်စီ အဓိက ထိန်းချုပ်ရာ စစ်တွေမြို့တွင် အုပ်ချုပ်မှု ညံ့ဖျင်းလာမှုကြောင့် မြို့တွင်းခိုးဆိုးလုယက်မှု တစ်နေ့ထက်တစ်နေ့ပို၍ တိုးလာသည်ကို တွေ့ရှိရသည်။

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ပေါ်တွင်စစ်ကောင်စီတပ်များတပ်စွဲနေထိုင်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်များကိုလည်း လုပ်ဆောင်လျှက်ရှိနေသည်။

ULA/AAသည် စစ်တွေမြို့ပေါ်တွင် ပေါ်ပေါ်ထင်ထင် မစိုးမိုးသေးသော်လည်း ကျေးရွာများတွင် ULA/AA၏ အုပ်ချုပ်ရေးယန္တရားသည် လည်ပတ်လုပ်ဆောင်လျှက်ရှိနေသည်ကိုတွေ့ရသည်။

ထိုနည်းတူ စစ်ကောင်စီမှ အဓိကအုပ်ချုပ်နေသော စစ်တွေမြို့တွင် ခိုးဆိုးလုယက်မှုထပ်တိုးလာသောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးသည် အသုံးမဝင်ဖြစ်လာသည်ဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။

“ကျနော့်အမြင်ကတော့ စစ်ကောင်စီအုပ်ချုပ်မှုညံ့ဖျင်းလာတယ်လို့မြင်တယ်၊ တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုယက်မှုတွေတိုးလာတယ်၊ ဒါပေမယ့် ဘာမှလုပ်ပေးတာမတွေ့ရဘူး၊ ဘယ်သူတွေဘာတွေဖြစ်ဖြစ် သူတို့ ယန္တရားတခုရှိရင်ပြီးပြီဆိုတဲ့သဘော၊ ဘယ်သူ့ကိုမှ ဂရုစိုက်တာမတွေ့ရဘူး၊ ဒါကတော့ သူတို့အသုံးမကျဖြစ်လာတယ်ဆိုတာ သိသာပါတယ်” ဟုဆိုသည်။

စစ်ကောင်စီမှ နေ့တိုင်းလိုလို စစ်တွေမြို့တွင် စစ်ဆေးနေသော်လည်း ထူးခြားမှုတစုံတရာမတွေ့ရှိဘဲ ပြည်သူများကို နှောက်ယှက်သလိုဖြစ်နေကြောင်း စစ်တွေမှ အမျိုးသမီးတစ်ဦးကပြောသည်။

“သူတို့က စစ်ဆေးတယ်ပြောတယ်၊ ဘာကိုစစ်တာလဲမေးချင်တယ်၊ လူဆိုးတစ်ယောက်ထွက်ပြေးသွားလို့ ကားတွေကိုလိုက်စစ်တာလား၊ ဒါမှမဟုတ် ပြည်သူတွေကို ဘယ်သွားလဲ ဘယ်မှာနေလဲလိုက်မေးတာလား၊ ဘာမှထိထိရောက်ရောက်ရှိတာမဟုတ်ဘူး၊ စစ်ဆေးတယ်ဆိုတာ ပြစ်မှုတစ်ခုဖြစ်လို့ တရားခံကပြေးသွားတာမျိုးရှိရင် ကားတွေကိုစစ်ဆေးတယ်၊ ဒါကိုမှ စစ်ဆေးတယ်ပြောတာ၊ အခုက ဘာမဟုတ်တဲ့ အရာတွေကိုလိုက်စစ်ပြီး သူခိုး၊ ဓားမြတွေကျတော့လွှတ်ပေးထားတယ်” ဟုဆိုသည်။

ရခိုင်ပြည်အတွင်း ခိုးဆိုး လုယက်မှုနှင့် လူသတ်မှုများကို ကျုးလွန်သူတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်နေကြောင်းတွေ့ရှိရသည်။

တောင်ကုတ်မြို့နယ်တွင် ဇူလိုင်လ ၃၁ရက်နေ့က တောင်ကုတ်တက္ကသိုလ်အနီးတွင် အမျိုးသားတစ်ဦး အသတ်ခံရပြီး ဖုန်းနဲ့ငွေသားအချို့ကို လုယက်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါလူသတ်မှုကို စစ်ကောင်စီတပ်သားများက ကျုးလွန်ကြောင်း သက်သေခံပစ္စည်းများနှင့်အတူ ပြည်သူများက ဖမ်းဆီးရမိခဲ့ကြာင်း သိရသည်။

ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ထုတ်သွားသည်ဟုသိရှိရသည်။

ပြစ်မှုကျုးလွန်သူကို အချုပ်ကခေါ်ထုတ်သွားခြင်းသည် ပြည်သူကိုသတ်ဖြတ်ခိုင်းနေသည့်အခြေနေရောက်နေသည်ဟု တောင်ကုတ်ဒေသခံတစ်ဦးကပြောသည်။

“ဆိုင်ကယ်လည်းခိုးသွားတယ်၊ ငွေလည်းယူသွားတယ်၊ လူလည်းသတ်သွားသေးတယ်၊ လုပ်တဲ့သူက စစ်သားတဲ့၊ ဒါဆိုရင် ပြည်သူကို သတ်ခိုင်းနေတာလား၊ နောက်ပြီးဖမ်းထားတာကိုခေါ်ထုတ်သွားတာက လူမဆန်တဲ့အလုပ်ဖြစ်သွားပြီ၊ သူတို့လုပ်ချင်တာလုပ်နေတာတွေ့ရတယ်၊ သေသွားတဲ့သူက ဘာတရားမျှတမှုမှမရဘူး၊ မိသားစုတွေကလည်း ဘာမှပြောပိုင်ခွင့်မရှိဘူး၊ နိုင်ငံတော်ကိုဘကာကွယ်ဖို့စစ်သားလုပ်နေတဲ့သူတွေက ခိုးတယ်၊ လူသတ်တယ်ဆိုတာ အတော်အောက်တန်းကျတဲ့အလုပ်ဖြစ်တယ်” ဟုဆိုသည်။

စစ်ကောင်စီထိန်းချုပ်ရာ ဒေသများတွင် ပြစ်မှုများဖြစ်ပွားသော်လည်း အရေးယူစစ်ဆေးပြုလုပ်ခြင်းလျော့နည်းလာသည်ကိုတွေ့ရသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်အင်အား လက်နက်အင်အားများကိုသာ အဓိကထားဖြည့်တင်းနေပြီး တိုက်ပွဲအတွက်သာ ကြိုတင်ပြင်ဆင်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ