Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအစိုးရက UN အဖွဲ့အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများကို မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများအား ကူညီကယ်ဆယ်ခွင့် ရပ်ဆိုင်းလိုက်သည့်အပေါ် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်ကန့်ကွက်

ABN-ရှိုင်းမိုး

ဇွန် ၉ရက်

ယခု ဇွန်လ ၈ရက်နေ့မှစ၍ ရခိုင်ပြည်အတွင်းမုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆေးရေးပေးနေသည့် UN အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းပရဟိတအဖွဲ့စည်းများအားလုံးကို စစ်ကောင်စီက ကူညီကယ်ဆယ်ရေးပေးရန် သွားခွင့်ပြုထားသည်ကို ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထိုသို့ စစ်ကောင်စီက UN အဖွဲ့အစည်းများအပါအဝင် အရပ်ဖက်ဆိုင်ရာအဖွဲ့များအား ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးသည်ကို တားမြစ်ခြင်းမှာ Genocide လက္ခဏာမျိုး လုပ်ဆောင်ခြင်းဖြစ်ကြောင်း Arakan CSO Network ပြောခွင့်ရက ပြောသည်။

“စစ်ကောင်စီက အခုလို လုပ်လိုက်တာဟာ Genocide လက္ခဏာမျိုးလုပ်တယ်လို့မြင်ပါတယ်၊ အဓိက သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူပြီးသူတို့လုပ်တာ၊ သူတို့လုပ်တာကိုလည်း ကျွန်မတို့ တုံ့ပြန်စရာနည်းလမ်းမရှိသေးပါဘူး၊ ဒါကြောင့် အခုချိန်မှာ ဘာမှမခွဲခြားဘဲ ဘယ်လိုကူညီရမလဲဆိုတာပဲ စဥ်းစားရပါမယ်” ဟု ပြောသည်။

ယခင်ကတည်းက ကူညီကယ်ဆယ်ရေးပေးခြင်းကို စစ်ကောင်စီက ခွင့်ပြုပေးထားခြင်းမရှိသည့်အတွက် လွတ်လပ်စွာ သွားလာခွင့်မရခဲ့ဟု ၎င်းကဆက်ပြောသည်။

“သူတို့က အစကလည်းခွင့်ပြုပေးထားတဲ့အနေထားမှာ မဟုတ်ပါဘူး၊ ကူညီကယ်ဆယ်ရေးပေးဖို့လွတ်လွတ်လပ်လပ်သွားလို့ရတာလည်းမရှိခဲ့ပါဘူး၊ ဒါကြောင့် ကျွန်မတို့အနေနဲ့ လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်” ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများကို မကူညီသည့်အပြင် နိုင်ငံရေးအရ အမြတ်ထုတ်ရန်ကြိုးစားမှုဖြစ်ပြီး ကူညီကယ်ဆယ်ရေးများအား ရပ်တန့်သွားအောင် ပြုလုပ်လိုက်ခြင်းသည် အစိုးရ တစ်ရပ်အနေဖြင့် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း Youth and Community Development Network မှ တာဝန်ရှိသူ ၁ ဦးက ပြောသည်။

” ဘာပဲဖြစ်ဖြစ် အခုချိန်မှာသူတို့က အစိုးရလုပ်နေတာ၊ ဒါပေမယ့် သူတို့က လူသားမဆန်တဲ့အလုပ်ကိုလုပ်နေကြတယ်၊ အခုလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့က နိုင်ငံရေးအကျိုးမြတ် လုပ်ချင်တဲ့ပုံစံပေါက်နေတယ်၊ သူတို့က ပြည်သူတွေ ဒုက္ခရောက်နေတာကို ကူညီဖို့မကြိုးစားဘဲ သူတို့အာဏာတည်တံ့ဖို့ပဲကြိုးစားနေတယ်၊ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူတွေကို လုံးဝဒုက္ခရောက်အောင်လုပ်နေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မေလ ၂၃ ရက်နေ့ကလည်း စာရေးဆရာ ပရဟိတသမား ဝေဟင်အောင်နှင့်အဖွဲ့ကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်ခဲ့သေးသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်ရှိမြို့ နယ်များတွင် အိမ်ခြေ စုစုပေါင်း ၂၁၆, ၆၈၁ ဆောင်ပျက်စီးသွားခဲ့ပြီး ဒေသခံတစ်သန်းကျော် ထိခိုက် နစ်နာခဲ့သည်။

မုန်တိုင်းတိုက်ခတ်စဥ်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ စသည့်မြို့နယ်များတွင် နေအိမ် ၉၀ ရာခိုင်နှုန်းအထိ ​ ပြိုကျပျက်စီးမှုရှိခဲ့သည်။

ထို့အပြင် မုန်တိုင်းကြောင့် သေဆုံးသူ (၁၄၆) ဦးရှိခဲ့ပြီး ၎င်းတို့မှာ စစ်တွေ မြို့နယ်တွင် (၉၆ )ဦး၊ ရသေ့တောင်မြို့နယ်တွင်(၃၇)ဦး၊ ပေါက်တော မြို့နယ်တွင် (၇)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄ ဦး၊ ကျောက်တော်မြို့နယ်တွင်၂ ဦးတို့ ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ULA/AA ၏ HDCO မှ ထုတ်ပြန်သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဖျက်အားပြင်းဆိုက်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ကူညီကယ်ဆယ်ရေး ရောက်ရှိမှု၊ လိုအပ်ချက်များစာရင်းပေါင်းချုပ်