Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီရန်ကို တိမ်းရှောင်လာသည့် ကျောက်ဖြူမြို့ဒုက္ခသည်စခန်းမှ မူဆလင်လူငယ် ၁၀ကျော် ရက္ခိုင့်တပ်တော်ထံခိုလှုံ

AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ‌‌ကျောက်ဖြူမြို့ ကျောက်တလုံး မူဆလင် ဒုက္ခသည်စခန်းတွင် လူငယ်များအား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဆောင်ရန် ခြိမ်းခြောက်ပြောဆိုမှုများရှိနေ၍ အမျိုးသမီးငယ် ၁ဦးအပါအဝင် လူငယ် ၁၀ကျော် ရက္ခိုင့်တပ်တော်ထံ ခိုလှုံလာခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ်များက အတည်ပြုပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်တလုံး မူဆလင်ဒုက္ခသည်စခန်းသို့ လာရောက်ပြီး အသက် ၁၈နှင့် ၃၅နှစ်ကြား ရှိသည့် အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်း မနေရ ထမ်းဆောင်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။

လက်ရှိတွင် ကျောက်တလုံးဒုက္ခသည်စခန်းအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညဉ့်အချိန်တွင် စီးနင်းဝင်ရောက်ကာ စစ်မှုထမ်းဆောင်‌ရန် လူဦးရေစာရင်း ကောက်ခံမှုများ​ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် ထိုကျောက်တလုံး မူဆလင် ဒုက္ခသည်စခန်းနေသူများမှာ စားနပ်ရိက္ခာ အထောက်အပံ့ မရသည်မှာ ၂ လရှိနေပြီး မည်သည့်နေရာသို့မျှ သွားလာခွင့်မရကြကြောင်း မူဆလင်လူငယ် ၁ဦးက ပြောဆိုသည်။

“သူတို့(စစ်ကောင်စီ)က လမ်းတွေကို ပိတ်ဆို့ထားတယ်။ ကျနော်တို့ဟာ မြို့ထဲကိုလည်း ဝင်လို့မရဘူး။ ဆန်တွေ၊ ရိက္ခာတွေ မရတာ ၂လကျော်ပြီ။ အခုဆိုရင် စစ်ကောင်စီက စစ်မှုထမ်းဖို့ လူငယ်တွေကို ခြိမ်းခြောက်ပြီး ခေါ်နေတယ်။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံ စစ်မှုမထမ်းနိုင်ဘူ” ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် စစ်မှုမထမ်း မနေရ ဥပဒေ မပြဌာန်းမီအချိန်တွင်လည်း ကျောက်တလုံးဒုက္ခသည် စခန်းမှ လူငယ်များကို စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သည့်အတွက် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များမှ ပေးသောဆန်များကိုလည်း မရရှိသည်မှာ ၂လကျော်ခန့်ရှိနေပြီ ဖြစ်သည်။

စစ်ရာဇဝတ်မှုများကို နည်းပေါင်းစုံဖြင့် ကျူးလွန်နေသည့် စစ်ကောင်စီတပ်မှာ မည်သူမျှ စစ်မှု မထမ်းလိုကြကြောင်း ကျောက်ဖြူမြို့မှ မြို့ခံ လူငယ် ၁ဦးက ပြောသည်။

“ပြည်သူတွေကို သတ်ဖြတ်နေတဲ့ သူတွေကို ဘယ်သူက ထောက်ခံမှာလဲ။ အရပ်သားတွေ သေဆုံးနေရတယ်။ အိုးအိမ်၊ တိုက်တာတွေ အများကြီး ပျက်စီးခဲ့ရတယ်။ အခုလည်း လူငယ်တွေကို အတင်းဖမ်းဆီးနေတယ်။ လူငယ်တွေကတော့ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ထဲဝင်ပြီး အသေခံကြမှာ မဟုတ်ဘူး” ဟု မှတ်ချက်ပြုပြောသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေအတည်ပြုပြဌာန်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ရက္ခိုင်လူငယ်အများစုမှာ ရက္ခိုင့်တပ်တော် အလုံးစုံသိမ်းပိုက်ထားသည့် မြို့များတွင် ခိုလှုံလာကြသည်ကိုလည်း တွေ့ရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့ ရန်ကုန်မှ ကျောက်ဖြူသို့ ပြန်လာသည့် ကျောင်းသား၊ လူငယ်များအပါအဝင် ၆၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်‌ဆေးကာ ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တွေလေဆိပ်နှင့် အမ်းလေဆိပ်တို့တွင်လည်း မိမိဒေသသို့ ပြန်လာသည့် အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ