Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိသည့် စစ်တွေမြို့ခံ ပြည်သူများ အငတ်ဘေး ကြုံတွေ့နေရ
စစ်တွေမြို့ထဲတွင် ​စျေးဝယ်သွားလာနေသည့် ပြည်သူများနှင့် စျေးရောင်းနေသည့် ပြည်သူများအားတွေ့ရစဥ် ၊ ဓာတ်ပုံ – Nyi Nyi Aung

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ရက္ခိုင်ပြည်၏ မြို့တော် စစ်တွေမြို့မှ ပြည်သူများမှာ ရိက္ခာများ လုံးဝပြတ်တောက်နေပြီး အငတ်ဘေးနှင့် ကြုံတွေ့နေရကြောင်း ပိတ်မိနေသူများက​ပြောသည်။

စစ်တွေမြို့၌ ကုန်စည်များ လုံးဝနီးပါး ပြတ်တောက်နေပြီး လက်ကျန်ကုန်များမှာလည်း ဈေးနှုန်း မြင့်တက်နေသည့်အပြင် အလုပ်အကိုင်များမရှိသောကြောင့် နေအိမ်မှ ပစ္စည်းများကို ရောင်းချပြီး စားသောက်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မကျည်းမြိုင်ရပ်ကွက်မှ  အမျိုးသမီး တစ်ဦးက AB News သို့ ပြောဆိုသည်။  

“ကျမတို့ လက်လုပ်လက်စားတွေဟာ အလုပ်မရှိတာ ကြာပါပြီ။ သုံးစရာ ငွေလည်း တစ်ပြားတစ်ချပ်တောင် မရှိတော့ဘူး။ မနေ့က စားစရာမရှိလို့ အိမ်က ပစ္စည်းတွေကို ရောင်းပြီး ဆန်ဝယ်ခဲ့ရတယ်။ ဝင်ငွေက မရှိ၊ ကုန်ဈေးက မိုးထိအောင် ကြီးနေတော့ ကျမတို့ အငတ်ဘေးနဲ့ ကြုံနေရပါတယ်” ဟု ဆိုသည်။ 

စစ်တွေမြို့ပေါ်တွင် ဆန်အပါအဝင် အခြား​သောစားကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ အဆမတန်မြင့်တက်နေသည်ဟု ကုန်တန်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောဆိုသည်။ 

“ကုန်ဈေးတွေက အတော့်ကို မြင့်နေပါတယ်။ ရိုးရိုးဆန်တစ်အိတ်ကို ၂သိန်းကျော်၊ ပေါ်ဆန်းမွေးဆန်က သုံးသိန်းကျော် ရှိပါတယ်။ ကြက်သား ၁ပိဿာကို ၄သောင်းကျပ်နဲ့ ကြက်ဥ တစ်လုံးကို ၁ထောင်ကျော်အထိ ရှိပါတယ်” ဟု ဆိုသည်။ 

စစ်တွေမြို့သို့ ရန်ကုန်မှ ကုန်သင်္ဘောများဆိုက်ရောက်နေသော်လည်း ထိုသင်္ဘောများ၌ တင်ဆောင်လာသည့် ကုန်ပစ္စည်းများမှာ စစ်ကောင်စီအဖွဲ့၏ တပ်မိသားစုများ အတွက်သာဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့တွင် မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီ၏ ဒုံးပိုက်နယ်ခြားစောင့်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ပြီး ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်လာခဲ့သည်။ 

ထို့နောက် စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို ပိတ်ဆို့ခဲ့ပြီး ကုန်စည်သယ်ယူခွင့်ကို လုံးဝ ကန့်သတ်လိုက်သည်။ 

စစ်တွေမြို့မှ လူကုံထံအသိုင်းအဝိုင်းနှင့် လူလတ်တန်းစားများမှာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး အချို့မှာလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ 

စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိသော စစ်တွေနှင့် ကျောက်ဖြူမြို့အတွင်း ပိတ်မိနေသည့် ပြည်သူများကို  လွတ်မြောက်နယ်မြေတွင် လာရောက်နေထိုင်ကြရန် အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မှ အကြံပြုထားသည်။ 

သို့သော်လည်း စစ်တွေမြို့မှ အခြားမြို့များသို့ ထွက်ခွာရန် ငွေကြေးမတတ်နိုင်သည့် မြို့ခံများမှာ မြို့အတွင်း စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် ထိန်းချုပ်ထားခြင်းကို ခံနေရဆဲဖြစ်သည်။ 

စစ်တွေမြို့ထဲတွင် ရက္ခိုင် ၂၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေပြီး ဟိန္ဒူ၊ ကမန်နှင့် ဒေသခံဘင်္ဂလီများ ပိတ်မိနေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်တွေမြို့မှ စစ်ရှောင်လာသူများကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ထွက်ပြေးကြစဥ် မိုင်းနင်းမိ၍ စစ်ဘေးရှောင် ၅ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ အများအပြားရရှိခဲ့ပြီး  ၁၀၀ ဦးထက်မနည်းကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက အတည်ပြုပြောဆိုသည်။ 

စစ်တွေမြို့ရှိ မြို့မဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉၊ နံနက် ၈နာရီ ၁၅ မိနစ်အချိန်တွင် အရပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကောင်စီ၏  လက်နက်ကြီးပစ်ခတ်များကြောင့် စစ်တွေမြို့ခံများ ထိခိုက်သေကြေနေရသည့်အပြင် မြို့ခံ ၅၀ နီးပါးကို စစ်ကောင်စီမှ မတရားဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ