Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ် ရွာအနီးတပ်စွဲထားသောကြောင့် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စုမှ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ ဖြစ်နေ

ABN- ရှိုင်းမိုး

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲများ အပစ်ရပ်ထားသည်မှာ ၂ လနီးပါးကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်သွားနိုင်ကြသော်လည်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စုမှ စစ်ဘေးရှောင်များမှာ စစ်ကောင်စီတပ် ရွာအနီး တပ်စွဲထားသည့်အတွက်ကြောင့် ကြောက်၍ နေရပ်မပြန်ရဲ ဖြစ်နေကြသည်ဟုသိရသည်။

၎င်းတို့မှာ ၂၀၁၉ ဧပြီလ ၂ရက်နေ့က ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲ ဖြစ်ပွားသောကြောင့် ရွာထဲသို့လက်နက်ကြီးများကျရောက်ခဲ့၍ ရွာမှ ထွက်ပြေးလာခဲ့ကြပြီး ထိုအချိန်ကပင် လမ်းမ စစ်‌ဘေးရှောင်စခန်း၊ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း၊ စေတီတောင်စစ်ဘေးရှောင်စခန်းနှင့် ဆွေမျိုးအိမ်များတွင် စစ်ဘေးရှောင် နေထိုင်နေကြရကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ် စံဂိုးတောင်အုပ်စုတွင် ရွာ ၃ ရွာရှိပြီး၊ ထိုရွာများမှာ နွားရုံတောင်ရွာ၊ သျှစ်သျှားတောင်ရွာနှင့် ဥယာဥ်သာရွာတို့ဖြစ်ကြပြီး၊ စံဂိုးထောင်ရွာတွင် အိမ်ခြေ ၅၂ ဆောင် နှင့် လူဦး‌ရေ ၂၂၀ ဦး၊ နွားရုံတောင်ရွာတွင် အိမ်ခြေ ၁၆၈ ဆောင် နှင့် လူဦးရေ ၈၄၁ ဦး၊ သျှစ်သျှားတောင်ရွာတွင် အိမ်ခြေ ၂၁ ဆောင် နှင့် ၇၉ ဦးနှင့် ဥယာဥ်သာရွာတွင် အိမ်ခြေ ၅၃ ဆောင် နှင့် လူဦးရေး ၂၂၂ ဦးရှိကြောင်းသိရသည်။

“ ကျွန်မတို့ ပြန်ချင်ပါတယ်၊ ဒါပေမယ့် သူတို့က ရွာထိပ်မှာ တပ်စွဲထားပါတယ်၊ အရင်တုန်းက သူတို့ရွာထဲကိုဝင်ပြီးနေခဲ့ကြတာပါတယ်။ သူတို့ထောင်ခဲ့တဲ့ မိုင်းကိုရော့ သူတို့ကိုပါ ကြောက်လို့ မပြန်ရဲပါဘူး၊ စစ်ဘေးရှောင်စခန်းမှာ ဆင်းဆင်းရဲရဲနဲ့ မနေချင်တော့ဘူး” ဟုလမ်းမစစ်ဘေးရှောင်စခန်းမှ အမျိုးသမီး ၁ ဦးက ပြောသည်။

ထို ရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင် အင်အား ၁၀၀ကျော်ရှိပြီး၊ ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာထဲသို့ ဝင်ရောက်ပြီး လူနေအိမ်များမှ ကျွဲ၊ နွားများနှင့် ကြက်များကို သတ်ဖြတ်ပြီးစားသောက်ကြကြောင်းလည်း စစ်ဘေးရှောင် ၁ ဦးက ပြောသည်။

“ ရွာမှာ ကျန်ခဲ့တဲ့ ကျွဲ၊ နွားတွေနှင့် ကြက်တွေကို သူတို့ (စစ်ကောင်စီတပ်ဖွဲ့) က ရွာထဲဝင်ပြီး သတ်ဖြတ်စားကြလို့ မရှိတော့ဘူး၊ သူတို့ စားလိုကျန်တဲ့ နွားတွေကိုလည်း သွားပြီးမယူရဲတော့ဘူး၊ ကျွန်မတို့မှာ အဲဒါတွေနှင့် လုပ်ကိုင်စားသောက်နေကြတာပါ၊ အခု ဘာမှမရှိတော့ပါဘူး” ဟုပြောသည်။

ဘူးသီးတောင်မြိုနယ် စံဂိုးထောင်အုပ်စုတွင် ရခိုင်ရွာ ၃ ရွာနှင့် မူဆလင်ရွာ၂ ရွာရှိပြီး၊ မူဆလင်ကျေးရွာ ၂ ရွာမှ မူဆလင်များမှာ နေရပ်ပြန်သွားကြပြီဖြစ်သော်လည်း ရခိုင်ရွာဖြစ်သည့် စံဂိုးထောင်ရွာ၏ အရှေ့ဖက် ၃၁ ဘုံစေတီအနီးတွင် စစ်ကောင်စီတပ်စွဲ နေထိုင်သည့်အတွက်ကြောင့် မပြန်ရဲကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

စစ်ကောင်စီကလည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်ရှိသည့် စစ်ဘေးရှောင်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် နေရပ်ပြန်ရန် စေခိုင်းမှုများ မကြာခဏရှိကြောင်း သိရသည်။

စစ်ကောင်စီတပ် ရွာအနီးတပ်စွဲထားသောကြောင့် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စုမှ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ ဖြစ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ