Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်ရိက္ခာနှင့် စစ်သားများ ရခိုင်ပြည့်အနှံ့ အဆက်မပြတ်ပို့နေ

ABN-ရှိုင်းမိုး

မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ ရသေ့တောင် စသည့် မြိုနယ်တို့တွင် စစ်ကောင်စီမှ နေဗီ၊ စစ်ကား များဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်အင်အားများကို အဆက်မပြတ် ပို့ပေးနေကြောင်းသိရသည်။

ယနေ့နံနက် ၆ နာရီကျော်အချိန်ခန့်က စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ နေဗီ ၁ စီးထွက်သွားပြီး ထိုနေဗီပေါ်တွင် စစ်အင်အား ၁၀၀ ကျော်နှင့် စစ်ကား ၄စီးပါသွားပြီး၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများလည်း ပါသွားသည်ဟု သိရသည်။

“ အဲဒီ နေဗီက ညည့် ၁ နာရီကျော်လောက်ကတည်းက ထွက်ဖို ပြင်ဆင်နေကြတာပါ၊ မနက် ၆ နာရီလောက်မှာ ပင်လယ်ပြင်ဖက်ကို ဦးတည်ထွက်သွားပါတယ်၊ နေဗီပေါ်မှာ စစ်သား ၁၀၀ ကျော်လောက်ပါတယ်၊ စစ်ကား ၄ စီးပါတယ်၊ ရိက္ခာတွေလည်းပါသွားပါတယ်” ဟု မျက်မြင် ဒေသခံက ABNကို ပြောသည်။

ထို့အတူ ယနေ့ နံနက် ၇ နာရီကျော်အချိန်တွင်လည်း မင်းပြား တပ်ရင်းမှ စစ်ကား ၄ စီးဖြင့်၊ မင်းပြား တိုင်းဗဟို ( ၉ ) တပ်မသို့ စစ်အင်အား ၂၀၀ ကျော်ခန့် သွားပို့သည်ကိုမြင်တွေ့လိုက်ရကြောင်း မျက်မြင်သက်သေတွေ ပြောကြားချက်အရသိရသည်။

ထို စစ်ကား ၄ စီးတွင် စစ်ကား ၁ စီးလျှင် စစ်သား ၅၀ ကျော်ခန့်ပါဝင်ပြီး၊ ဆန်အိတ်များလည်း ကားပေါ်တွင် ပါသွားကြောင်းပြောသည်။

“ဆန်အိတ်တွေကို မနေ့ ညကတည်းက တင်နေတာတွေ့ပါတယ်၊ စစ်ကား ၁ စီးမှာ ဆန်အိတ် ၂၀ လောက်ပါမယ်လို့ထင်ပါတယ်၊ စစ်အင်အား ကတော့ ၁ စီးမှာ ၅၀ ကျော်ပါပါတယ်၊ တပ်ရင်းကတော့ ၇ နာရီကျော်လောက်ကထွက်သွားပါတယ်၊ တိုင်းဗဟို (၉) ဖက်ကို သွားပို့တာပါ” ဟု ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်ကလည်း မြောက်ဦးတပ်ရင်းမှ စစ်ကား အစီး ၂၀ ဖြင့် မြောက်ဦး လင်မြွေတောင် စစ်ကောင်စီတပ်သို့ ရိက္ခာသွားပို့ခဲ့ကြောင်းသိရသည်။

“ရိက္ခာတွေက ကားပေါ်တွေမှာ အပြည့်ပါ၊ စစ်သားက ၆ ယောက်ပဲပါတယ်၊ ကားအစီး ၂၀ ပါ၊ နံနက် ၈ နာရီကျော်က မြောက်ဦးတပ်ရင်းကထွက်သွားပါတယ်၊ မြောက်ဦး လင်မြွေတောင်ကို ရိက္ခာသွားပို့တာပါ၊ ည ၃ နာရီကျော်‌လောက်‌တော့ ကားတွေအားလုံးပြန်လာကြပါတယ်၊ ကား၁ စီးမှာ စစ်သား ၁၀ ကျော်လောက်ပါတယ်၊ စစ်သား စုစုပေါင်း စစ်သား ၂၀၀ကျော်လောက်ပြန်ပါတယ်၊ စစ်ကားအားလုံး မြောက်ဦးတပ်ရင်းကို ပြန်ဝင်သွားကြပါတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးမှ ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့မှ စကာ အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ်သည် ရိက္ခာနှင့် စစ်သားအင်အားများကို နေ့စဥ်ဖြည့်နေသည်ကို တွေ့နေရသည်။

စစ်ကောင်စီတပ်ရိက္ခာနှင့် စစ်သားများ ရခိုင်ပြည့်အနှံ့ အဆက်မပြတ်ပို့နေ

ထင်မြင်ယူဆချက်‌‌ပေးရန်