Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်နှင့်ပေါင်းပြီး သက္ကေပြင်ရွာသားများအား မောင်မောင်အေးနှင့်အဖွဲ့သား ၄ဦး ဒုက္ခပေးနေကြောင်း ရွာသားများဆို

စစ်ကောင်စီတပ်နှင့်ပေါင်းပြီး သက္ကေပြင်ရွာသားများအား မောင်မောင်အေးနှင့်အဖွဲ့သား ၄ဦး ဒုက္ခပေးနေကြောင်း ရွာသားများဆို

ABN- ကိုဟိန်းထွန်း

ရခိုင်ပြည်ရှိ၊ စစ်တွေမြို့နယ် သက္ကေပြင်ရွာတွင် နေထိုင်သည့် မောင်မောင်အေး နှင့်အဖွဲ့ဝင် ၄ဦးသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ရွာသားများအား အမျိုးမျိုးဒုက္ခပေးနေပြီး၊ ၎င်းတို့အား အရေးယူပေးစေလိုကြောင်း ရွာသားများက မတ်လ ၁၅ ရက်နေ့က ABN ကိုပြောသည်။

အသက် ၅၅ နှစ်အရွယ် မောင်မောင်အေးသည် မူဆလင်လူမျိုးတစ်ဦးဖြစ်ပြီး စစ်တပ်နှင့် ပူးပေါင်း၍ လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ မူယစ်ဆေးဝါးဖြင့် ထောင်ကျခဲ့ဖူးသူ ၁ဦးလည်းဖြစ်ကြောင်း ပြောသည်။

မောင်မောင်အေးသည် စစ်ကောင်စီမှ ခန့်အပ်သည့် အုပ်ချုပ်ရေးအဖွဲ့များကို ငွေပေး၍ ရွာကို ဆူပူအောင်လုပ်နေခြင်း ရွာသူရွာသူများထံမှ ငွေများကို မတော် မတရားကောက်ခံ၍ ယူကြောင်း ABN ကိုပြောသည်။

“အဲ့ဒီလူက စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ငွေပေးပြီး ငွေတောင်းခိုင်းပါတယ်၊ စကစရဲ့တပ်တွေကိုလက်ဝါးကြီးအုပ်ထားပါတယ်၊ ရွာသူရွာသားတွေကိုမတော် မတရားခြိမ်းခြောက်တယ်၊ အနိုင်ကျင့်ဗိုလ်ကျတယ်” ဟု ဆိုသည်။

အဆိုပါမောင်မောင်အေးနှင့်ပတ်သက်၍ ULA/AA၏ စစ်တွေမြို့နယ် အမှတ် ၂ နယ်မြီ ရုံးသို့ တိုင်ကြားခဲ့သည်မှာ ၂ ကြိမ်တိုင်တိုင် ရှိခဲ့သော်လည်း ULA/AA က အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ဟု သိရသည်။

သက္ကေပြင်ရွာတွင် ခန့်ထားသည့် စစ်ကောင်စီ၏ အဖွဲ့ဝင်များမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် စောလိန်၊ ကျော်ခင်၊ ကျော်မောင် နှင့် ဇော်ဝင်းတို့ဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီတပ်၊ ရဲတပ်တို့နှင့်ပူး​ပေါင်းကာ ဝင်ထွက်သွားလာနေသူများဖြစ်၍ ၎င်းတို့ကို မောင်မောင်အေးက နာယက အဖြစ်နှင့် လက်ဝါးကြီးအုပ်ထားသည်ဟု ရွာသားများကပြောသည်။

စောလိန်သည် စကစ ကခန့်အပ်ထားသည့် ကျေးရွာတာဝန်ခံ ၁ ဦးဖြစ်ပြီး မြို့နယ်ထွေအုပ်ရုံး၊ ခရိုင်အထွေထွေရုံး၏ ညွန်ကြားချက်တစ်စုံတစ်ရာမလိုဘဲ စကစက အမိန့်နှင့် ရွာသူရွာသားများကို အမြဲလိုလို ဗိုလ်ကျနေသူဖြစ်သည့်အပြင် ရပ်ရွာမှာအမှုများဖြစ်လျှင်လည်း ရွာကလူကြီးများနှင့် မရှင်းဘဲ ရဲကိုခေါ်လိုက် ၊ စစ်တပ်ကိုခေါ်လိုက် လုပ်နေပြီး ၅၀ဝဝ ကုန်ဖို့နေရာမှာ ၅၀၀၀၀ဝ ကုန်အောင် အားပေးမြှောက်ပင့်နေသူဖြစ်ကြောင်း ပြောကြသည်။

၎င်းတို့ ၄ ဦးသည်ရွာ၏ စည်းမျဥ်းစည်းကမ်းများကိုချိုးဖောက်ကာ အမျိုးမျိုးလုပ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်မပြောဝံ့​ဘဲရှိနေခြင်း၊ ပြန်ပြောလျှင်လည်း စစ်တပ်နှင့်ပူးပေါင်း၍ သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ လုပ်ရပ်များကိုတာဝန်ရှိသူတို့က ရပ်တန့်ပေးစေရန် သတင်းဌာနက တစ်ဆင့် နိုင်ငံတာကာ မူဆလင် လူထုအသိုင်းအဝန်းနှင့် ULA/AA အဖွဲ့အစည်းတို့ကိုသတိပေးချင်သည်ဟု ဆက်၍ပြောသည်။

“သူတို့တွေက ရွာကချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်း တွေကိုချိုးဖောက်ပါတယ်၊ ဘယ်သူမျှပြန်မပြောရဲကြပါ၊ တစ်ခုခုပြောရင် စစ်တပ်နဲ့ သတ်မယ်လို့ ခြိမ်းခြောက်ပါတယ်၊ အဲဒီဟာတွေကို ရပ်တန့်ပေးဖို့ နိုင်ငံတကာမှာရှိတဲ့ မူဆလင်လူထုအသိုင်းအဝန်းနဲ့ ULA/AA ရဲ့အဖွဲ့အစည်းတွေကို သတင်းဌာက တစ်ဆင့် အသိပေးချင်တယ်” ဟုဆိုသည်။

မတ်လအတွင်း သက္ကေပြင်ရွာ၌ အချင်းချင်း စကားများရာမှ မမူ ဆိုသည့်လူကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်​ပြီး ခါးတွင်ထိသွား၍ နာကြင်မှုကလည်း မရှိသည်ကို အထိုးခံရသူက စစ်ကောင်စီ၏ မြိန်စီ ရဲစခန်းကိုတိုင်ကြားခြင်း အုပ်ချုပ်ရေးမှူးက မှန်ကန်စွာမဆောင်ရွက်ပဲ ရဲကိုခေါ်၍ ငွေ ၅ သိန်း တောင်းခံ၍ ပေးလိုက်ရကြောင်း လက်သီး​ဖြင့်ခါးကိုထိုးခဲ့သူက ABN ကိုပြောသည်။

“ကျွန်တော်တို့အချင်းချင်စကားများကြပါတယ်၊ အဲဒါနဲ့မခံနိုင်လို့ တစ်ချက်ထိုးလိုက်တယ်၊ ခါးကိုထိတာပါ၊ မနာသွားပါဘူး၊ အဲဒါကြောင့် သူကစစ်ကောင်စီရဲ့ မြိန်စီ ရဲစခန်းကို သွားတိုင်တယ်၊ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကိုခေါ်ပြီး မင်း စခန်းကိုသွားရမယ်လို့ပြောပါတယ်၊ သူက နာသွားတာမှမဟုတ်တာ မသွားနိုင်ပါဘူး၊ ပိုက်ဆံလည်းမရှိပါဘူးလို့ ကျွန်တော်ကပြောပါတယ်၊ သွားမှာလားမသွားဘူးလားလို့ခြိမ်းခြောက်ပါတယ်၊ ပြီးတော့ ပိုက်ဆံ ၁၀ သိန်းလျော်ရမယ်လို့ပြောတယ်၊ ကျွန်တော်လည်းမတတ်နိုင်ပါလို့ပြောတယ်၊ နောက်တစ်ရက်နေ့ ရဲနဲ့တစ်ခေါက်လာပြီး တောင်းပါတယ်၊ ကျွန်တော်က စစ်ကောင်စီရဲ့ရဲဌာနသို့သွားပြီး ပြောပါတယ်၊ ကျွန်တော့်ကို ဒီလိုမတရားလုပ် ခြိမ်းခြောက်ရင် ရွာမှာဘယ်လိုနေမလဲလို့ ပြောပါတယ်၊ ဒါကြောင့် ပိုက်ဆံ ၅သိန်းပေးခဲ့ရတယ်” ဆိုသည်။

အဆိုပါရွာတွင် အိမ်တစ်ဆောင်ဆောက်လျှင် ၅သိန်းကျပ်မှ ၆ သိန်းကျပ်အထိ ပေးရမည်ဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ၄ဦးက မတရားအနိုင်ကျင့်နေသည်ဟု၎င်း မှဆက်၍ပြောသည်။

ထို့အပြင် မောင်မောင်အေးသည် စစ်တပ်နှင့် ပူးပေါင်း၍ လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ပြောသည်။

၎င်းမှာ လက်ရှိတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းတွင် ဇနီးဖြစ်သူနှင့်နေထိုင်ပြီး စစ်တွေမြို့နယ်ရှိ ၎င်း၏ မွေးရပ်မြေ ဖြစ်သည့် သက္ကေပြင်ရွာသို့ စစ်တပ်နှင့်အတူ မကြာခဏလာရောက်၍ ရွာသားများထံမှ ငွေများ မတရားညှစ်ယူလေ့ရှိကြောင်းရွာသားများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ