ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ဂူဝဘုရားအနီး ကုလားတန်မြစ်ဝတွင် စစ်ကောင်စီနေဗီ ၃ စီး ရပ်နားထား၍ မြို့နေပြည်သူများနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများမှာ ထိုနေဗီများမှ လက်နက်ကြီး ပစ်ခတ်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။
ထိုနေဗီ ၃ စီးမှာ ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၀ နာရီခန့်က ရောက်ခဲ့ခြင်းဖြစ်ပြီး ယခု သတင်းရေးနေသည့် ၃ နာရီအချိန်ထိ ထိုနေရာတွင် ရပ်နားထားကြောင်း သိရသည်။
“တစ်ခါမှ ဒီလောက်အနီးမှာ ရပ်နားထားတာ မမြင်တွေ့ဖူးဘူး ခုဟာက စကစနေဗီ ၃စီးတောင်တပြိုင်နက် မနက်ကတည်းကရပ်နားထားတာ ညယ်အချိန်စပစ်မယ်မသိဘူး ကြောက်ကြောက်နှင့်ရွာကလူတွေအကုန် ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြပြီ” ဟုအမည်မဖော်လိုသူတစ်ဦးက ABNကိုပြောဆိုသည်။
မြန်မာစစ်တပ် (စကစတပ်) ပိုင် နေဗီများဖြင့် ရခိုင်ပြည်တွင်းရှိ ကျေးရွာများဖက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူများ သေဆုံးမှု၊ အိုးအိမ်များပျက်စီးမှုနှင့် ကျွဲ နွားတိရစ္ဆာန်များ သေကျေပျက်စီးမှုများ နေစဥ်ရက်ဆက် ရှိနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာနှင့် ကျော်ဇံရွာတို့ကို နေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသားများမှာ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။
ဓာတ်ပုံ-ဂူဝဘုရားရှေ့တည့်တည့်တွင် ရပ်ထားသော စကစ နေဗီ ၃ စီး