Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် မင်းပြားနှင့် မြေပုံနယ်မှ အရပ်သား ၃ ဦး ပြန်လည်လွတ်လာခဲ့သော်လည်း ဖမ်းဆီးထားစဥ်အတွင်း ညဉ်းပမ်းနှိပ်စက်မှုများကြောင့် တစ်ဦးမှာ ဆေးရုံတင်ထားရ

မင်းပြားမြို့တွင်ဖမ်းဆီးခံခဲ့ရသည့် မြေပုံမြိုနယ်ဝက်ခေါင်းရွာမှ အရပ်သား ၂ ဦးနှင့် မင်းပြားမြို့နယ် ခမောင်းတောရွာမှ အရပ်သား ၁ ဦးတို့မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြသော်လည်း ဖမ်းဆီးထားစဥ်အတွင်း ညှင်းပန်းနှိပ်စက်ခံခဲ့ရ၍ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖမ်းဆီးထားစဉ်တွင် စစ်ကောင်စီတပ်မှ ထို ၃ ဦးအား ညဉ်းပမ်းနှိပ်စက်မှုများ ရှိခဲ့ပြီး သူတို့အား ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးစစ်ဆေးချိန်အတွင်း နှိပ်စက်မှုရှိခဲ့သောကြောင့် မြေပုံမြိုနယ် ဝက်ခေါင်းရွာမှ ကိုအောင်ဝင်းစိုး ၂၆ နှစ်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့၍ လက်ရှိတွင် မင်းပြားဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ပြောသည်။

ရိုက်နှက်ခံရသည့် နေရာများမှာ ပါးပြင်၊ ကျောကုန်း၊ ပေါင်းနှင့် ဒူးဆစ်များ ဖြစ်ပြီး ထိုဒဏ်ရာများတွင် အညို အမည်းများ စွဲနေကြောင်း ဓာတ်ပုံတွင် တွေ့မြင်ရသည်။

“သူမိဘတွေတော့ သတင်းကြားတာနှင့် ချက်ချင်းလိုက်သွားကြတာ၊ ဒဏ်ရာကအရမ်းပြင်းတယ်လို့ပြောတယ်၊ ဖမ်းထားခဲ့တာလည်း တစ်ပတ်လောက်ရှိခဲ့တာ” ဟု ဝက်ခေါင်းရွာမှ ရွာသားတစ်ဦးကပြောသည်။

ထို့အပြင် ဝက်ခေါင်းရွာမှ ကိုမောင်သိန်းညွန့်မှာလည်း ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားစဥ်အတွင်း ရိုက်နှက်ခံခဲ့ရသည့်အတွက် ဒဏ်ရာ အချို့ ရရှိခဲ့ကြောင်း သိရသည်။

မင်းပြားမြိုနယ် ခမောင်းတောရွာမှ ကို အောင်ဝေသိန်း ၃၅ နှစ်မှာမူ ပြန်လည်လွတ်မြောက်လာပြီဟု ကြားသိရသော်လည်း သတင်းဆက်သွယ်၍မရသေးပေ။

၎င်းတို ၃ ဦးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ပေါက်တော၊ မြေပုံ ၊မင်းပြား သုံးခွဆုံတွင် စစ်ကောင်စီတပ် ၅၄၁ တပ်ရင်းမှ ဖမ်းဆီးခဲ့ခင်းဖြစ်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည့် အောင်မြေကုန်းဆရာတော်မှာလည်း စစ်ကောင်စီမှ ဖမ်းဆီးထားစဉ် လူဝတ်လဲ နှိပ်စက်မှုများရှိခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သူ တစ်ဦးက ABN ကိုပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ