Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက အတင်းအဓမ္မနေရပ်ပြန်ခိုင်း၍ ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင် ၆၀ဝ ကျော် ယနေ့မှ စ၍နေရပ်ပြန်

စစ်ကောင်စီက အတင်းအဓမ္မနေရပ်ပြန်ခိုင်း၍ ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင် ၆၀ဝ ကျော် ယနေ့မှ စ၍နေရပ်ပြန်

ABN-မေအိအိအောင်

ကျောက်တော်မြို့တွင်ရှိသော စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင် ၆၀၀ ကျော်ကို စစ်ကောင်စီက အတင်းအဓမ္မနေရပ်ပြန်ခိုင်းသောကြောင့် ယနေ့ မတ်လ ၃၀ ရက်နေ့မှစကာ နေရပ်ပြန်ကြောင်းသိရသည်။

စစ်ရှောင်များနေရပ်ပြန်ရေး ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းဝေးပြုလုပ်ပြီး မတ်လ ၂၉ ရက်နေ့ စစ်ရှောင်များနေရပ်ပြန်ရေး အခမ်းအနားပြုလုပ်ရန်၊ ထောက်ပံ့ငွေများပေးအပ်ရန်နှင့် စစ်ရှောင်များ ၃၁ ရက်နေ့အပြီးပြန်ကာ အဆောင်များကိုပါ ဖြိုဖျက်ရန် ပြောကြောင်း ကျောက်တော်ရှိ စစ်ရှောင်စခန်းများမှ စခန်းတာဝန်ခံများကပြောသည်။

အစည်းအဝေးအရ ယမန်နေ့ မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် စစ်ရှောင်နေရပ်ပြန်ရေး အခမ်းအနားကိုပြုလုပ်ခဲ့ပြီး စစ်ရှောင်များကို ငွေ ၆ သိန်းနှင့် အသုံးအဆောင် ၁၂ မျိုးပေးကြောင်း သိရသည်။

ယနေ့မတ်လ ၃၀ ရက်နေ့မှစကာ ၃၁ ရက်နေ့အတွင်း ကျောက်တော် စစ်ရှောင်စခန်းများမှာ အိမ်ထောင်စု ၆၄၄ စု လူဦးရေ ၂၇၀၆ ဦးတို့သည့် ၎င်းအစီအစဥ်ဖြင့် နေရပ်ပြန်မည်ဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် စစ်ဘေးရှောင်းများမှာ နေရပ်ပြန်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူနေကြပြီး လုံခြုံရေး၊ စားရေး၊ သောက်ရေးနှင့် ကျန်းမာရေး အဆင်မပြေသော်လည်း မသွားမနေရ နေရပ်ပြန်ရမည်ဟု ပြောသည့်အတွက် ပြန်ရမည်ဖြစ်ကြောင်း ရှမ်းရွာ စစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကပြောသည်။

“ဒီနေ့ စပြန်ရမှာ။ အခုတော့ လိုအပ်တာလေးတွေဝယ်နေပါတယ်။ မနက်ဖန် လောက်တော့ပြန်ဖြစ်မယ်။ ရွာတွေကိုလည်း မီးရှို့ထားတော့ ရွာပြန်ရောက်ရင် နေလို့ရမယ့် တစ်နေရာတော့ရှာရတော့မှာပေါ့။ မပြန်လို့မှမရတာ ။ သူတို့က ပြန်ရမယ်ဆိုတော့လည်း ပြန်ရမှာပေါ့ “ဟု သူမကပြောသည်။

ယင်းအပြင် သူတို့၏ ရွာမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အကြားတွင် တည်ရှိပြီး ကျန်းမာရေးတစ်စုံတစ်ရာဖြစ်လျှင် ဆေးကုသမှုခံယူရန် အလွန်ဝေးသည့်အတွက် လမ်း၌ စစ်ကောင်စီ အစစ်အဆေးများမရှိလျှင် နေရပ်ပြန်ခိုင်းသော်လည်း အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ရွာက ကျာက်တော်-ပလက်ဝနယ်စပ်မှာပါ။ ပြန်သွားလို့ နေမကောင်းတစ်ခုခုဖြစ်ရင် ဆေးကုဖို့ လာရမယ့်လမ်းကတော်တော်ဝေးတယ်။ နေရပ်ပြန်ခိုင်းရင်လည်း လမ်းမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုမလုပ်ရင် အဆင်ပြေမယ်” ဟုပြောသည်။

ယခင်က အစည်းအဝေးများတွင် နေရပ်ပြန်မည့် စစ်ရှောင်များကို ထောက်ပံ့ငွေများပေးအပ်သည့်အပြင် ထိုသူတို့အား နေရပ်ကိုရောက်သည်အထိ လိုက်ပို့ပေးမည်ဟု ပြောထားသော်လည်း နောက်ပိုင်းတွင် ငွေပေးပြီး စစ်ဘေးရှောင်များကိုယ့်အစီအစဥ်ဖြင့် နေရပ်ပြန်ရမည်ဟု ပြောကြောင်းသိရသည်။

ကျောက်တော်ရှိ စစ်ရှောင်စခန်းများအနက် မဟာမုနိစစ်ရှောင်စခန်း၊ သိမ်ကျောင်းစစ်ရှောင်စခန်းနှင့် ရှမ်းရွာစစ်ရှောင်စခန်းတို့ကို အပြီးဖျက်သိမ်းမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ