Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက လွှတ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် AA နှင့်ဆက်စပ်သူများနှင့် နိုင်ကျဥ်းများ မပါဝင်

စစ်ကောင်စီက လွှတ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် AA နှင့်ဆက်စပ်သူများနှင့် နိုင်ကျဥ်းများ မပါဝင်

ABN-ဧပြီ ၁၇ ရက်

မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တပြည်လုံးရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား ၃၀၀၀ ကျော်ကိုလွှတ်ပေးခဲ့သော်လည်း ရခိုင်မှ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်၍ ထောင်ချခံထားရသူများနှင့် နိုင်ငံရေးအကျဥ်းသားများ မပါဝင်ကြောင်း သိရသည်။

ရခိုင်တွင် စစ်တွေထောင်မှ မြန်မာစစ်တပ်(စစ်ကောင်စီ) ​ တပ်ပြေးနှင့် ရဲပြေး ၁၇ ဦးကိုသာ ယနေ့ လွှတ်ပေးသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမြထွန်းက ABN သို့ပြောသည်။

“AAနှင့်ဆက်စပ်သူတွေကို လွှတ်ပေးတာ မတွေ့ရဘူး။ စစ်တွေထောင်ကတော့ တပ်ပြေးနှင့် ရဲပြေး ၁၇ ယောက်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။

ထို့အပြင် ဘူးသီးတောင်ထောင်မှ နယ်စပ်ခိုးဝင်မှု လဝကဥပဒေဖြင့် ဖမ်းဆီးထောင်ချထားသည့် မူဆလင် အကျဥ်းသား ၁၂၄ ဦးလွတ်မြောက်လာကြောင်း ၎င်းကဆက်ပြောသည်။

“ဘူးသီးတောင်အကျဥ်းထောင်ကတော့ လဝကပုဒ်မ ၁၃ (၁) နဲ့ဖမ်းဆီးခံထားရတဲ့ မူဆလင် ၁၀၀ ကျော်လွတ်တယ်လို့ သိရတယ်။ တခြားမြို့နယ်တွေကတော့ မကြားရသေးဘူး” ဟုပြောသည်။

နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကောင်စီက မြန်မာနိုင်ငံရှိ အကျဥ်းထောင်၊ အချုပ်ထောင်နှင့်စခန်းများတွင်ရှိသည့် အကျဥ်းသား ၃၀၁၅ ဦးကို လွှတ်ပေးခဲ့သည်။

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူများ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာမည်ဟု မျှော်လင့်ထားသော်လည်း မပါလာသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ရခိုင့်နိုင်ငံရေးလေ့လာသူ ၁ ဦးက ပြောသည်။

“ရခိုင်က လူထုဇော်ဝင်အပါအဝင်အမှုတော်တော်များများက စစ်ပြီးနေပြီ အပြီးသတ်အမိန့်မချဘဲ ထားတာ။ ဒီနေ့လွှတ်တာမှာ ပါလာမယ်လို့ ကျနော်တို့ မျှော်လင့်ထားတာပါ။ ခုတော့ဗျာ ကျနော်တို့အရမ်း စိတ်မကောင်းဖြစ်ရတယ်။ စိတ်လည်းနာတယ်” ဟု ပြောသည်။

၎င်းအပြင် AA နှင့်ဆက်စပ်သူများ ပြန်လွတ်လာမည်ကို မျှော်လင့်နေကြကြောင်း မိသားစုဝင်များက ABN သို့ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ