Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်ပျက်စီး

AB News-၂၅၊ ၂၀၂၃

ရက္ခိုင်ပြည် မြောက်ဦးမြို့ နန်းရာကုန်းတွင်ရှိသည့် ရှေးဟောင်းယဥ်ကျေးမှုပြတိုက်ကို စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး အဆောင်အပါအဝင် ရှေးဟောင်းပစ္စည်းအချို့ ပျက်စီးသွားကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ နန်းရာကုန်း ပထမထပ်တွင် ရှိသည့် ရှေးဟောင်းယဥ်ကျေးမှုပြတိုက်ကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီအဖွဲ့ ၅၄၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထိုယဥ်ကျေးမှုပြတိုက်တွင် ရက္ခိုင့်ဘုရင့်နိုင်ငံကာလတုန်းက နန်းတွင်း အသုံးအဆောင်များ၊ သမိုင်းမှတ်တမ်း ကျောက်စာတိုင်အချို့နှင့် အဆောက်အဦးတွင် ပေ ၂၀ ခန့် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

“ယဥ်ကျေးမှုပြတိုက်ကို စစ်ကောင်စီက ပစ်တဲ့ကျည်ကျလို့ ပျက်သွားပါတယ်။ အဆောင်ကလည်း ပျက်သွားတယ်။ ကျောက်စာတွေလည်း ပျက်စီးသွားပါတယ်။ အဲဒီမှာက ရှေးဟောင်း နန်းတွင်းသုံးပစ္စည်းတွေလည်း အဲဒီမှာ ရှိပါတယ်” ဟုပြောသည်။

ထိုရှေးဟောင်းယဥ်ကျေးမှုပြတိုက်တွင် ရက္ခိုင့်ဘုရင်လက်ထက်က နန်းတွင်းအသုံးပြုခဲ့သည့် ရှေးဟောင်းလက်နက်များ၊ သမိုင်းဝင်မှတ်တမ်းကျောက်စာများ၊ ရှေးဟောင်းဒင်္ဂါးများ၊ ရှေးခေတ်ကျောက်ဆစ်လက်ရာများ၊ ကြေးထည်များ စသည်တို့ရှိကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၅၀ ခန့်မှ စပြီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စဖြစ်ခဲ့ပြီး၊ စစ်ကောင်စီဖက်က လူနေရပ်ကွက်များ၊ လူနေရွာများနှင့် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များထားရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များအပြင်၊ ဒရုန်း၊ ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေက စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆိုင်ကယ်ဖြင့် သွားနေသည့် လင်မယား ၂ ဦးနေရာတွင် သေဆုံးသွားပြီး ၅ နှစ်သားအရွယ် သမီးငယ်တွင် လက်တစ်ဖက်ပြတ်ထွက်သွားကာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်ရရှိသွားကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့က အရပ်သားပြည်သူ ၉ ဦးထက်မနည်းကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

မြောက်ဦးမြို့ခံများမှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အချို့မှာ တိုက်ပွဲကြား ပိတ်မိလျက်ရှိကြောင်း သိရသည်။

#ABN#မြောက်ဦး#မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်ကိုစစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီး

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

www.arakanbaynews.com

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ