Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ANPပါတီ ဝင်ပြိုင်မည်ဟု ဦးဘရှိန်ပြောသည်မှာ ပါတီသဘောထားမဟုတ်ဟု ပါတီဥက္ကဌပြော

ABN-ရာဟု

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို ရခိုင်အမျိုးသားပါတီ ANPက ဝင်ပြိုင်မည်ဟု ဦးဘရှိန်ပြောသည်မှာ ပါတီ၏သဘောထား မဟုတ်ကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက ABN သို့ပြောသည်။

ANPပါတီ မူဝါဒ‌ရေးရာဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဘရှိန်က ဇန်နဝါရီလ၁၉ရက်နေ့က Voice of Myanmarနှင့် ပြုလုပ်သည့်‌ တွေ့ဆုံမေးမြန်းခန်းတွင် ANPပါတီက ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟုပြောဆိုထားခဲ့သည်။

ANP ပါတီမှာ လက်ရှိအချိန်ထိ စစ်ကောင်စီက ကျင်းပရန် စီစဥ်နေသည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် မည်သည့် ဆုံးဖြတ်ချက်မှ မပြုလုပ်ရသေးကြောင်းနှင့် စစ်ကောင်စီရွေးကော်ကလည်း အကြောင်းကြားခြင်း တစုံတရာ ပြုလုပ်ခြင်း မရှိသေးကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

”ပါတီမှာ ‌ရွေးကောက်ပွဲနှင့်ပတ်သက်လို့ တစုံတရာ ဆွေးနွေးပြောဆိုထားတာမရှိသေး၊ ပါတီမူဝါဒရေးရာ ကော်မတီမှာလည်း ဆွေးနွေးဆုံးဖြတ်ထားတာမရှိသေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာလည်းဆွေးနွေးဆုံးဖြတ်ထားတာမရှိသေး၊ ပါတီဗဟိုကော်မတီများ အစည်းအဝေးမှာလည်း တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ထားတာမရှိဘူး ၊ အဲဒါကြောင့် ဦးဘရှိန်ပြောတဲ့ကိစ္စဟာ ဦးဘရှိန် တစ်ယောက်တည်းရဲ့ပုဂ္ဂလိကအမြင်ကို ပြောခြင်းသာဖြစ်ပြီး ANP ပါတီကိုကိုယ်စားပြု ပြောတာမဟုတ်လို့ ပြောလိုတယ်” ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးသာထွန်းလှက ABN ကိုပြောသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်တွင် ပါတီကြီး တစ်ခုဖြစ်ပြီး ယခင် ပြုလုပ်ခဲ့သည့် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ရခိုင်တွင် နေရာအများစုကို အနိုင်ရထားခဲ့သော ပါတီဖြစ်သည်။

သို့သော်လည်း တဖက်တွင် ဒေါက်တာ အေးမောင် ဦးဆောင်သည့် ရခိုင်ဦးဆောင်ပါတီ AFP အနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အေးမောင်ကမီဒီယာများသို့ ဖြေဆိုထားသည်ကို တွေ့ရသည်။

AFP ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်က ရွေးကောက်ပွဲသည် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်း၏ ထွက်ပေါက်ဟု ပြောဆိုထားသည်။

စစ်ကောင်စီက ကျင်းပရန် စီစဥ်နေသည့် ရွေးကောက်ပွဲမှာ ယခင်က ကျင့်သုံးခဲ့သည့် အနိုင်ရအကုန်ယူ FPTP အစား အချိုးကျ ကိုယ်စားပြု PR စနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီရွေးကော်က ပြောထားသည်။

ရခိုင်တွင် ယခုလဆန်းပိုင်းမှစပြီး လူဦးရေစာရင်းများ ကောက်ခံလျက်ရှိပြီး AA ထိမ်းချုပ်ရာ နယ်မြေများတွင် ULA/AA ၏ နယ်မြေရုံးများ၏ ခွင့်ပြုချက်ဖြင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ တဆင့် လူဦးရေစာရင်းများ ကောက်ခံလျက်ရှိသည်ကို စုံစမ်းသိရှိရသည်။

ရခိုင်အများစုကတော့ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိကြသလို စိတ်ဝင်စားမှုလည်း မရှိကြသည်ကို တွေ့ရသည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ANPပါတီ ဝင်ပြိုင်မည်ဟု ဦးဘရှိန်ပြောသည်မှာ ပါတီသဘောထားမဟုတ်ဟု ပါတီဥက္ကဌပြော

ထင်မြင်ယူဆချက်‌‌ပေးရန်