Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့်ကျောက်တော်မှ ဆန်စက်ပိုင်ရှင်ကို ၄ ကြိမ်မြောက် ရုံးထုတ်၊ ၄ ကြိမ်တိုင်တိုင် တရားလိုရောက်မလာ

ABN- မေအိအိအောင်

စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသော ကျောက်တော်မြို့နယ်၊ ကာဒီ (သဇင်) ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း ကို ၄ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း ၄ ကြိမ်တိုင်တိုင် တရားလိုရောက်မလာခဲ့ကြောင်း မိသားစု၀င်များ ပြောကြားချက်အရသိရသည်။

တရားစွဲဆို ခံရသည့် ဆန်စက်ပိုင်ရှင်ကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှု မျိုးချစ်ဇာနည်က တွေ့ဆုံရန်ခေါ်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးလှမောင်သန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ရာဇသတ်ကြီးပုဒ်မ ၁၃၁ နှင့် စစ်ကောင်စီက ထပ်တိုးတရားစွဲဆိုလိုက်သည်။

အဆိုပါဆန်စက် ပိုင်ရှင်ကို စစ်တွေထောင်ချုပ်တွင် ဖမ်းဆီးထားပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က ၁ ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့က ၁ ကြိမ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့က ၁ ကြိမ်၊ ၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်တိုင်တိုင် ရုံးထုတ်ခဲ့သည်။

၄ ကြိမ်တိုင်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမရောက်လာခဲ့ကြောင်းနှင့် ယခုကဲ့သို့ တရားလို မရောက်လာသည့်အတွက် ကြန့်ကြာနေရကြောင်း ဦးလှမောင်းသန်း ၏ ဇနီး ‌ဒေါ်လှအေးဆန်းက ABN ကိုပြောသည်။

“ရုံးထုတ်တာက ၄ ကြိမ်ရှိပြီ။ တရားလိုကတော့ တစ်ခါမှ ရောက်မလာပါဘူး။ တရားလိုမရောက်တဲ့အတွက် စစ်ဆေးတာလည်းမရှိပါ။ သူ့ကိုတော့ အချုပ်ထောင်ထဲက ခေါ်လာတယ်။ ရုံးတင်တယ် ဘာမှလည်းမပြောပဲပြန်ခေါ်သွားတာ ၄ ကြိမ်တောင်ရှိပါပြီ တရားစွဲထားပြီး ရုံးတင် တရားလိုမရောက် ၊ ရုံးတင်တရားလိုမရောက်ဖြစ်နေတဲ့အတွက် ကျွန်မတို့ကို ဒုက္ခ‌ရောက်အောင်လုပ်နေသလိုပါပဲ ။တရားဥပ‌ဒေအရဆိုရင်တော့ ရုံးချိန်းကို တစ်ခါ ၊နှစ်ခါ ၊ သုံးခါ တရားလိုမရောက်ရင် အမှုကိုပယ်ချတယ်လို့တော့ ကြားဖူးတယ်။ အခုတော့ အဲ့လိုလည်းမဟုတ်ဘူး။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

၎င်းအပြင် ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ ယခုရက်ပိုင်းအတွင် နေမကောင်းဖြစ်နေသည်ဟု ကြားရသည့်အတွက် အပြင်က ဆေးရုံ ဆေးခန်းများတွင် ဆေးကုသခွင့် ရချင်ကြောင်း ဇနီးဖြစ်သူကပြောသည်။

ကျောက်ဖြူတွင်လည်း AAနှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုခံထားရသည့် ရဲ၀န်ထမ်း ၃ ဦး အမှုကို စစ်ကောင်စီတပ်ဖက်မှ တရားလိုမရောက်သဖြင့် အကြိမ်ကြိမ်ရုံးချိန်း ရွှေ့ဆိုင်း၍ အမှုကြန့်ကြာနေရသည်။

စစ်ကောင်စီက ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့်ကျောက်တော်မှ ဆန်စက်ပိုင်ရှင်ကို ၄ ကြိမ်မြောက် ရုံးထုတ်၊ ၄ ကြိမ်တိုင်တိုင် တရားလိုရောက်မလာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ