Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက တရားလိုလုပ် တရားစွဲထားသည့်ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့် ၎င်း၏အဖော် အမှု ရုံးချိန်း ၁၀ ကြိမ်အထိရှိလာ၊ ကြန့်ကြာမှုအပေါ်မိသားစုများဝေဖန်မှုမြင့်လာ

စစ်ကောင်စီက တရားလိုလုပ် တရားစွဲထားသည့်ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့် ၎င်း၏အဖော် အမှု ရုံးချိန်း ၁၀ ကြိမ်အထိရှိလာ၊ ကြန့်ကြာမှုအပေါ်မိသားစုများဝေဖန်မှုမြင့်လာ

ABN-မေအိအိအောင်

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရားလိုလုပ် တရားစွဲဆိုထားသည့် ကျောက်တော်မြို့နယ် ကာဒီရွာမှ ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူတို့၏ အမှုမှာ ရုံးချိန်း ၁၀ ကြိမ်မြောက်လာသည့်တိုင် တရားလို မရောက်သည့်အတွက် အမှုကြန့်ကြာနေသည့်အပေါ် မိသားစုဝင်များက ဝေဖန်မှုမြင့်တက်လျက်ရှိနေသည်ကိုတွေ့ရသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်က ဖမ်းဆီးတရားစွဲဆိုထားသော ထို နှစ်ဦးမှာ မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ တို့ဖြင့် တရားစွဲခံထားရပြီး စစ်တွေမြို့ရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထား​ရကြသည်။

အဆိုပါ တရားလိုပျက်ကွက်နေမှုနှင့် ပတ်သက်၍ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း၏ ဇနီး ဖြစ်သူက ” တရားလိုလည်းတစ်ခါမှ ရောက်မလာဘူး။ ဖမ်းထားတဲ့အချိန်တွေလည်းကြာနေပြီ။ ရုံးချိန်းကိုသွားရတာလည်း ကလေးတစ်ဖက်၊ စီးပွားရေး တစ်ဖက်နဲ့ အဆင်မပြေဘူး” ဟုပြောသည်။

အလုပ်မအားသည့်အတွက် ယနေ့ ဧပြီ ၅ ရက်နေ့က ၁၀ ကြိမ်မြောက်ရုံးချိန်းကို ဦးလှမောင်သန်း၏ အစ်မဖြစ်သူကို ရုံးထုတ်ချိန်စောင့်ရန် သွားခိုင်း လိုက်ရကြောင်းနှင့် နောက်ရုံးချိန်း မည်သည့်နေ့ဆိုသည်ကို မသိရသေကြောင်း သူမက ဆက်ပြောသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် အဖော်ဖြစ်သူတို့ ဖမ်းဆီးခံထားရသည်မှာ ၆ လရှိပြီး ရုံးချိန်းစုစုပေါင်း ၁၀ ကြိမ်အထိရှိကာ တရားလို တစ်ခါမျှရောက်လာမှုမရှိသေးပေ။

အလားတူ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများအား စစ်ကောင်စီတပ်က တရားလိုလုပ် တရားစွဲထားသော်လည်း တရားရုံးတက်ရောက်ခြင်းမရှိဘဲ ချုပ်ရက်ကြာအောင်သာ ပြုလုပ်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ