Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြုတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမှ အရပ်သားပြည်သူ ၂သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရ ၊ အရေးပေါ်အကူအညီများ လိုအပ်နေ

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြုတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမှ အရပ်သားပြည်သူ ၂သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရ ၊ အရေးပေါ်အကူအညီများ လိုအပ်နေ

AB News – ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြုက နေစဉ်ရက်ဆက် ပြည်သူများကို ရည်ရွယ်ကာ တိုက်ခိုက်နေသောကြောင့် ဒေသခံအရပ်သားပြည်သူ ၂သောင်းကျော်မှာ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးနေကြရသည်။

ရမ်းဗြဲမြို့တွင် မြို့ပေါ်ရပ်ကွက် ၆ခုနှင့် တိုက်နယ် ၉ခုမှ လူဦးရေ ၂ သောင်းကျော်မှာ စစ်ဘေးလွတ်မည်ဟု ထင်ရသည့် နေရာများတွင် ပြောင်းရွေ့နေရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် ရမ်းဗြဲမြို့ လောင်းချောင်းရပ်ကွက်အနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ အချိန်အနည်းငယ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခဲ့သည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့မှ စတင်ကာ စစ်ကောင်စီအဖွဲ့က  ရမ်းဗြဲမြို့ အမှတ် ၄ လောင်းချောင်းရပ်ကွက်နှင့် အခြားရပ်ကွက်များကို  တိုက်လေယာဉ်၊ ရဟတ်ယာဥ်များဖြင့် စတင်ကာ ဗုံးကြဲတိုက်တိုက်ခိုက်မှုများကြောင့် မြို့ခံသားများမှာ ထိခိုက်၊ သေဆုံးခဲ့ရပြီး လူနေအိမ် အများအပြား ပျက်စီးခဲ့ရသည်။

ထို့ကြောင့် ရမ်းဗြဲမြို့မှ အရပ်သားပြည်သူ ၁၇၀၀၀ ကျော်မှာ စစ်ဘေးလွတ်နိုင်သည့် နေရာများတွင် ပြောင်းရွေ့ခိုလှုံနေရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ ‌ရမ်းဗြဲမြို့၊ သိမ်တောင်ကုန်းနှင့် ကိုယ်ရံတော်တောင် အနီးပတ်ဝန်းကျင်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရမ်းဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူများအပါအဝင် လေကြောင်း၊ ရေကြောင်းမှ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ တစ်ရက်တည်းတွင် အကြိမ် ၁၀၀ကျော် ပြုလုပ်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့တွင်လည်း တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကင်းတဲရပ်ကွက်မှ နေအိမ် ၂၀၀ကျော် မီးလောင်ပြာကျခဲ့ရသည်။

အကြမ်းဖက် စစ်ကောင်စီသည် အရပ်သားများကို လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသောကြောင့်  ရမ်းဗြဲမြို့မှ လူဦးရေ ၂၀၀၀ကျော်မှာ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးနေရကြောင်း မြို့ခံ ၁ဦးက AB News  သို့ ပြောကြားသည်။

“မြို့ထဲမှာတော့ လူ အနည်းငယ်ဘဲ ကျန်တော့တယ်။ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်ခံရတော့ အကုန်လုံး ထွက်ပြေးသွားကြပြီ။ မနေ့ကဆိုရင် ရမ်းဗြဲမြို့ နေရာတိုင်းလိုလို ဗုံးကြဲခံရတယ်။ နေအိမ်တော်တော်များများလည်း မီးလောင်သွားတယ်” ဆိုသည်။

ရက္ခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် အချိန်မှ စ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသောကြောင့် ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ စက်သုံးဆီနှင့် လူအသုံးအဆောင်ပစ္စည်းများ ပြတ်တောက်ခဲ့ရသည်။

ရမ်းဗြဲမြို့မှ စစ်ရှောင် ၁ဦးက “ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေ ပြတ်တောက်ခဲ့တာ ကြာပြီ။ ရှိတာလေးကို ချွေတာပြီး စားသောက်နေရတယ်။ အခုဆိုရင် မသေရုံ စားသောက်နေရတယ်။ ကုန်းလမ်း၊ ရေလမ်းတွေ ဖြတ်တောက်ထားတော့ ဘာမှ ဝယ်လို့လည်း မရဘူး” ဟု ဆိုသည်။

ရမ်းဗြဲမြို့ကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ကထိ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်နေကြောင်း သိရသည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ