Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စခန်းနေရာသစ် ရွှေ့ပြောင်းခဲ့ရသည့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် နေအိမ်များ ဆောက်လုပ်ရန်နှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

စခန်းနေရာသစ် ရွှေ့ပြောင်းခဲ့ရသည့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် နေအိမ်များ ဆောက်လုပ်ရန်နှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ABN-ရာဟု

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ရပြီး နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်နှင့် စားနပ်ရိက္ခာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စခန်းတာဝန်ခံက ပြောသည်။

ယခင်နေထိုင်သည့် ဝါးတောင်းစစ်ဘေးရှောင်စခန်းမြေနေရာတွင် မြေပိုင်ရှင်က ဆက်လက်နေထိုင်ခွင့် မပြုသဖြင့် ၂မိုင်ခန့်ဝေးသည့် တောင်မင်းကုလားရွာ အနီးရှိ​ လယ်မြေကို ငှားရမ်းပြီး အရေးပေါ်ပြောင်းရွေ့သွားရခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိနေထိုင်သည့် မြေနေရာကိုတစ်နှစ်လျှင် ငွေကျပ်၂၄သိန်းနှုန်းဖြင့် စစ်ဘေးရှောင်များ စုပေါင်းငှားရမ်းထားခြင်းဖြစ်ကာ နေစရာအိမ်များဆောက်လုပ်ရန်အတွက် နေရာဟောင်းမှ ဖြိုဖျက် ယူဆောင်လာသည့် ဝါးနှင့် တာပေါ်လင်များမှာ သုံးမရတော့သဖြင့် ပြန်လည်ဆောက်လုပ်ရန် ငွေကြေးမတတ်နိုင်ဘဲ အခက်အခဲများဖြစ်နေကြရသည်ဟု စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက ABN သို့ ပြောသည်။

“အရင် နေရာမှာ နေထိုင်ခွင့်မပြုတော့ဘူး၊ ငွေမရှိတဲ့ကြားက စုပြီးတော့ နေစရာမြေကို ၂၄သိန်းနှင့်ငှားရတယ်၊ အိမ်ဟောင်းတွေကို ဖြိုဖျက်ယူသွားရတာ ၊တစ်ချို့ ဝါးတွေနဲ့ အိမ်မိုးတာပေါ်လင်တွေက ဟောင်းပြီး ပေါက်ပြဲတာတွေ ဖြစ်နေတာ အသစ်ဝယ်ဖို့ကလည်း ငွေကမရှိတော့ အရမ်းအခက်အခဲဖြစ်နေတာ” ဟု ပြောသည်။

ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀ကျော်နှင့် လူဦးရေ ၄၀၀ရှိသည့် စခန်းတစ်ခုဖြစ်ကာ WFP ကတစ်လလျှင် တစ်ကြိမ်ကျ စာနပ်ရိက္ခာများ ထောက်ပံ့ပေးနေခဲ့သော်လည်း ဧပြီလတွင် လာရောက်ပေးခြင်းမရှိခဲ့သောကြောင့် ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းစစ်ဘေးရှောင် ဒေါ်ဦးသာက ပြောသည်။

“ကျမတို့ကို WFP က တစ်လတစ်ခါ ရိက္ခာတွေလာပေးတာ ၊သင်္ကြန်လကတော့ လာမပေးဘူး၊ ခုလလည်းမရောက်ရင် ကျမတို့မှာ စားစရာမရှိတော့ဘူး၊ ခုစားဝတ်နေရေးအတွက် အရမ်းခက်ခဲနေပြီ၊ ကျမတို့ကို အလှူရှင်တွေ လာရောက်လှူဒါန်းစေချင်တယ် ” ဟု ပြောသည်။

ထို့အပြင် စခန်းသစ်တွင် သောက်သုံးရေမရှိသည့်အတွက် စခန်းအနီးရှိ တောင်မင်းကုလားရွာသို့ မိနစ် ၃၀ ခန့်ကြာ ခြေကျင် သွားရောက် ရေခပ်ယူနေကြရ ကြောင်း ပြောသည်။

“စခန်းသစ်မှာက ရေမရှိဘူး ၊ သောက်ရေကို တောင်မင်းကုလားရွာမှာ သွားခပ်ရတယ်၊ မိနစ်၃၀လောက်သွားရတာ၊ မိုးကရွာတော့မမယ် နေအိမ်တွေ အမြန်ပြန်ဆောက်ချင်တယ်၊ ပြည်တွင်းရော ပြည်ပကပါ အလှူရှင်တွေ လာလှူစေချင်တယ်” ဟု စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်က ပြောသည်။

ဝါတောင်စစ်ဘေးရှောင်စခန်းတွင် ခမောင်း၊ ကင်ဘိ၊ တဲဝ ၊လေကွိ ၊ငစရိုင်းကိုင်း ၊ သိန်းချောင်း ၊ ချင်းမဝန်တောင် စည့်ကျေးရွာမှ မြိုလူမျိုးများ လာရောက်ကာ စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ