Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကစက ဖမ်းဆီးတရားစွဲထားသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ၉လကြာသည့်အထိ မပြီးပြတ်နိုင်၊ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

စကစက ဖမ်းဆီးတရားစွဲထားသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ၉လကြာသည့်အထိ မပြီးပြတ်နိုင်၊ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ABN-ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုမှာ ၉လအထိကြာမြင့်လာသော်လည်းအမှုမှာ မပြီးပြတ်နိုင်ဘဲ ယနေ့မတ်လ၂၁ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး မတ်လ၂၈ရက်နေ့သို့ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။

တရားစွဲဆိုခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ကိုပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော် AAက မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ၃ဦးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တနေ့ဇွန်လ ၂၂ ရက်နေ့တွင် ၎င်းတို့ ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၆ရက်နေ့က နောက်ထပ်ပုဒ်မ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခံထားရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်ကာ အမှုမှာ ၉လအထိကြာမြင့်လာသော်လည်း အပြီးသတ်နိုင်ခြင်းမရှိ​ဘဲဖြစ်နေသည်။

စစ်ကောင်စီတပ်က မတရားစွပ်စွဲထားသလို ၎င်းတို့သားက AAကိုထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း​​နှင့် ၎င်းတို့မိသားစုများမှာ နေ့စားလက်လုပ်လက်စားအလုပ်သမားများသာဖြစ်ကြောင်း ကိုကိုညွန့် ဖခင်ဖြစ်သူက ပြောသည်။

“သူတို့ကမတရားဖမ်းဆီးပြီး ၅၀၅(က)နဲ့ပထမတရားစွဲတယ်၊နောက်တခါ ၁၇(၁)နဲ့ထပ်စွဲပြန်တယ် ၊အမှုက၉ လအထိရှိလာပြီ၊ မပြီးနိုင်သေးဘူး၊ သူတို့ပြောသလို AAကိုထောက်ပံ့နိုင်ဖို့ ဘာမှမရှိပါဘူး ကျနော့တို့က တစ်နေ့လုပ်မှတစ်နေ့စားရတာ နေ့စားအလုပ်သမားတွေပါ” ဟု ကိုကိုညွန့်ဖခင်က ABNကိုပြောဆိုသည်။

ရုံးထုတ်တွင် ကိုပြည့်စုံဝင်းနှင့် ကိုကျော်ဝင်းလှိုင်နှင့် ကိုကိုညွန့်တို့၃ ဦးကို စစ်ဆေးသည့်အပြင် စစ်ကောင်စီဖက်က တရားလိုပြသက်သေအဖြစ် မြောက်ဦးရဲစခန်းမှူးကိုပါ စစ်ဆေးခဲ့ပြီး အမှု ကို ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်​သည်ဟု ကိုပြည်စုံ၀င်းဇနီးဖြစ်သူက ပြောသည်။

“ဒီနေ့ ၅၀၅(က) ကိုစစ်တာ သူတို့ဖက်က ရဲစခန်းမှူးတစ်ယောက်၊ ကိုကျော်ဝင်းလှိုင် ၊ကိုကိုညွန့်နှင့် ကျမယောကျ်ား ၃ယောက်ကိုပါ စစ်ဆေးပြီးလိုက်တယ်၊ တရားသူကြီးက မတ်လ ၂၈ရက်ကို ထပ်ရုံးချိန်းလိုက်ပါတယ် “ ဟု ကိုပြည့်စုံဝင်း ဇနီး မလှဘုကABN ကိုပြောဆိုသည်။

ရုံးချိန်းကိုအကြိမ်ပေါင်းများစွာလာရောက်နေရသည့်အတွက် ငွေကုန်ကျမှုများ ဖြစ်နေကြောင်း ကိုပြည့်စုံဝင်းဇနီးက ထပ်မံပြောဆိုသည်။

“အမှုက ၂၀၂၂ခုနှစ် ၇လပိုင်း၁၅ရက်နေ့ကတည်းက စစ်နေတာ ခုထိမပြီးနိုင်သေးဘူး၊ တရားရုံးသွားလာရတဲ့ စရိတ်စကလည်း ငွေကုန်တာ မနည်းတော့ဘူး၊ မြန်မြန်အမှန်တရားကို ဆုံးဖြတ်စစ်ဆေးစေချင်တယ်” ဟု ကိုပြည့်စုံဝင်ဇနီး မလှဘုက ABNကိုပြောဆိုသည်။

မိသားစုများမှာ နေ့စား အလုပ်သမားများ ဖြစ်သည့်အတွက် ၎င်းတို့အမှုအတွက် ရှေ့နေငှားရန် ငွေကြေး မရှိသည့်အပြင် အမှုမှာ ၉လအထိကြာမြင့်လာသလို အိမ်ရှင်ယောက်ျားများ အဖမ်းခံထားရသည့်အတွက် စားဝတ်နေရေးပါ အခက်အခဲတွေ့နေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ