AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၅
အောင်စိုး
ရွေးကောင်ပွဲအလွန် ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုကြသည်။
ယမန်နေ့ ညနေ ၈ နာရီ၊ ၃၅ မိနစ်အချိန်တွင် ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကျေးရွာကို ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း ကလေးများအပါအဝင် စုစုပေါင်း ပြည်သူ ၁၉ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး နေအိမ် ၁၁ ဆောင်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) တွင် စကမ မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သံတွဲမြို့နယ်၊ ရပ်ရှည်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဒေါ် နော်စေးရေဖော သေဆုံးခဲ့ရသည်။
စကမတပ် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သံတွဲမြို့သည် ၎င်းတို့၏ လာမည့် ရွေးကောက်ပွဲ အပိုင်း (၃) ကိုကျင်းပရန် လျာထားသည့် အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်ထဲက တစ်မြို့ဖြစ်သည်။
ထိုသို့ လက်လွှတ်ဆုံးရှုံးထားရသည့် မြို့နယ်များကို စကမ က လေကြောင်းတိုက်ခိုက်များ အရှိန်မြှင့်လုပ်ဆောင်နေသောကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိသည်။






